အိုဘယ့်ရခိုင်မြေ(၃)
ကိုးသောင်းပုထိုးတော်ကြီး လည်ပတ်ပြီးနောက် ဇိနမာရ်အောင်ဘုရားသို့ ခရီးဆက်ခဲ့ကြသည်။ မြောက်ဦးတွင် မာရ်ငါးမာရ် ရှိပြီး မြောက်ဦးသို့ရောက်လျှင် ထိုစေတီငါးဆူစလုံး ဖူးသင့်သည်ဟုဆိုသည်။ ထိုမာရ်ငါးမာရ်မှာ ဇိနမာရ်အောင်စေတီ၊သကျမာရ်အောင်စေတီ ၊ရတနာမာရ်အောင်စေတီ၊လောကမာရ်အောင်စေတီ၊မင်္ဂလမာရ်အောင်စေတီ တို့ဖြစ်ကြသည်။
ထိုစေတီတို့မှာ အတွင်းပိတ် အမျိုးအစားဖြစ်ပြီး လှိုဏ်ပတ်လမ်းများ မပါဝင်ပေ။ စေတီတော်တို့မှာ မိုးဒဏ်လေဒဏ်တို့ကြောင့် အရောင်ပြောင်းကာ အမြင်တစ်မျိုးဆန်းနေသည်။ လက်ရာမြောက် ခြူးပန်းခြူးခက်များနှင့် တန်ဆာဆင်ထားသောကြောင့် ကြည်ညိုဖွယ် ဖူးတွေ့ရသည်။
မိုးဖွဲကလေးကလည်းကျလာသောကြောင့် မိုးရေအောက်မှာပင် ဟိုပြေးဒီပြေးလုပ်ကာ လည်ပတ်ရသည်မှာလည်း အရသာ တစ်မျိုးပင်။
နေမပူသောကြောင့် အပူသက်သာသော်ငြားလည်း ဓာတ်ပုံရိုက်ရသည်မှာ အနည်းငယ် မှောင်နေသလိုခံစားရသည်။ ယခင် ရခိုင်ဘုရင်တို့သည် မြို့ကို သဘာဝ အတားအဆီးများအပြင် လူလုပ် တံတိုင်းများ ကျုံးများ ခံတပ်များဖြင့် ကာကွယ်ထားခဲ့ကြသည်။ မြို့တော်ကို ရန်သူများ အလွယ်တကူ မဝင်ရောက်နိုင်စေရန် တံတိုင်း သုံးထပ်ဖြင့် ကာရံထားပြီး အတွင်းအကျဆုံး တံတိုင်းမှာ နန်းတော်ကို ဝန်းပတ်ရံထားသည်။ အပြင်စည်းတံတိုင်းများမှာ တစ်ချို့ပျက်စီးကာ တစ်ချို့တဝက်မှာ မြေအောက်ရောက်နေကြသည်။ အတွင်းအကျဆုံး တံတိုင်းမှာ အကောင်းအတိုင်းရှိနေသေးသော်လည်း နန်းတော်မှာမူ ပျက်စီးကာ အုတ်မြစ်မျှသာ ကျန်တော့သည်။
အုတ်တံတိုင်းဧ။် ခိုင်ခံ့ပုံ တည်ဆောက်ပုံတို့အရ ရခိုင်တို့ဧ။် ဗိသုကာပညာမှာ အဆင့်မနိမ့်ကြောင်း ထင်ရှားစေသည်။ နဂိုရေချောင်းရေအိုင်များနှင့် တောင်ကုန်းတောင်တန်းများကလည်း ပထဝီအနေအထားအရ ရခိုင်ပြည်ကို မဟာဗျူဟာကျကျ ကာကွယ်ထားခဲ့သည်။ ထိုအချက်တို့ကပင်လျင် ရှေးမြန်မာမင်းတို့ ရခိုင်ကို ခက်ခဲပင်ပန်းစွာ စစ်ဆင်ခဲ့ရသော အကြောင်းများဖြစ်တော့သည်။ ထိုနန်းတော်ဟောင်းဝင်းအတွင်းတွင် ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ပြတိုက်ရှိသည်။ ပြတိုက်အတွင်းတွင် တူးဖော်ရရှိထားသော ရှေးဟောင်း ပစ္စည်းများကို ပြသထားသည်။ သမိုင်းတန်ဖိုးအရ အလွန်အဖိုးတန်သလို တစ်ချိန်က အင်ပါယာတစ်ခုဧ။် အငွေ့အသက်များကိုပါ ပြန်လည်ခံစားရစေသည်။ သွားရောက်လေ့လာ ကြည့်ရှုသင့်သော နေရာတစ်ခုဖြစ်ပါသည်။
ပြတိုက်အတွင်း ဓာတ်ပုံရိုက်ရန် ခွင့်မပြုသောကြောင့် မှတ်တမ်းများ မရယူနိုင်ခဲ့ပါ။ ဝေသာလီခေတ် ကျောက်ထွင်းလက်ရာများမှစ ထိုခေတ်က အသုံးအဆောင်များ ဝေသာလီဒင်္ဂါးများကိုပါ တွေ့ရသည်။ ရိုးရာယုံကြည်ကိုးကွယ်မှုများတွင်လည်းလွန်စွာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အနောက်ဘက်မှ အင်အားကြီး ဟိန္ဒူ ယုံကြည်ကိုးကွယ်မှုများကိုပါ ရောထွေးပါဝင်လျက်ရှိသည်ကို တွေ့ရသည်။
နန်းတော်ဟောင်းမှ တူးဖော်ရရှိသော ကျောက်ထွင်းပန်းပုရုပ်များ နန်းတော်စောင့် နတ်ရုပ်များ စေတီပျက်များမှ အစောင့်ဘီလူးရုပ်များမှာ လွန်စွာလက်ရာမြောက်လှသည်။ ရှေးလက်ရာ ဗုဒ္ဓ ဆင်းတုတော်များကိုလည်း တွေ့နိုင်သည်။ ထိုအထဲမှ ထူးခြားလှသော အရုပ်တစ်ခုကို ဗုဒ္ဓဆင်းတုတော်များကြားမှာ တွေ့လိုက်ရသည်။ ။ ဗုဒ္ဓဆင်းတုလည်းမဟုတ် ဦးတီပွားရုပ်ထုနှင့်ဆင်သော်လည်း ဝတ်စားဆင်ယင်ပုံစံက အိန္ဒိယ ဟန်မျိုး။ နောက်ဆုံး ပြတိုက်မှ ဝန်ထမ်းထံ စုံစမ်းကြည့်သောအခါမှ မြတ်စွာဘုရားလက်ထက်က အခြားသော တိတ္ထိ အယူရှိ ခေတ်ပြိုင် ဝါဒဆရာကြီးဖြစ်ဟန်တူကြောင်းသိရသည်။
ရခိုင်အက္ခရာနှင့် ရှေးဟောင်းကျောက်စာများကိုလဲ လေ့လာနိုင်ပေသည်။
အပိုင်း(၄)ဆက်ပါဦးမည်
(ဓာတ်ပုံများမှာ ခရီးစဉ်အတွင်း ကျွန်တော်ရိုက်ခဲ့သောပုံများဖြစ်ပါသည်)
စိုင်းကောင်းဇော်သန့်
MSC-261