အိုဘယ့်ရခိုင်မြေ(၄)(သိမ်း)
ပြတိုက်မှထွက်ခွာလာပြီးနောက် သျှစ်သောင်းပုထိုးတော်ကြီးသို့ရောက်ရှိခဲ့ကြသည်။ သျှစ်သောင်းပုထိုးတော်ကြီးသည် အလွန်ထူးခြားသော ဗိသုကာလက်ရာဖြင့် တည်ထားသည်ဟုဆိုနိုင်သည်။စေတီတို့သည် ခေါင်းလောင်းပုံသဏ္ဍာန် ကိုယ်ထည်ရှိကာ ငှက်ပျောဖူးသည်လည်း သာမန်စေတီတို့လောက် မရှည်ဘဲ လုံးဝန်းသောပုံစံရှိကြသည်။
အိန္ဒိယပုံစံဆန်သည်ဟု အကြမ်းဖျင်းအားဖြင့် ဆိုနိုင်သည်။ အချို့မှာ တိဘက်ခေါင်းလောင်းနှင့်ပင် ဆင်ဆင်တူသေးတော့သည်။ အတွင်းပိုင်းတွင် နှစ်ထပ်လှိုဏ်ပတ်လမ်းနှင့် ဖြစ်ရာ အပြင်ပတ်လမ်းသည် သိပ်မထူးခြားလှသော်လည်း အတွင်းလှိုဏ်ပတ်လမ်းမှာ အတော်ထူးခြားသည်ဆိုရပေမည်။
အတွင်းပိုင်းထဲထိ ပတ်ခွေပြီးဝင်သွားရသော လမ်းမှာ ရှည်လျားသလို လျှို့ဝှက်မှုတွေရှိနေသယောင် ခံစားရသည်။ လျှို့ဝှက် ဥမင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားရသော ခံစားချက်မျိုးဖြစ်သည်။ လမ်းအဆုံးတွင် အခန်းငယ်တစ်ခန်းရှိပြီး မြတ်စွာဘုရား၏ ခြေတော်ရာ(စက်တော်ရာ) ကိုဖူးမြော်ရသည်။ လမ်းတစ်လျောက်တွင်လည်း ဗုဒ္ဓဆင်းတုတော်များကို ဖူးမြင်ရသည်။ လေဝင်လေထွက်စနစ်ကို စီမံထားပုံမှာလည်း ကောင်းမွန်လှသည်။ အလင်းရောင်အတွက်ကတော့ မီးသီးများကို ထွန်းထားပေးသည်။ ရှေးယခင်ကတော့ ဆီမီးတိုင်များကို အသုံးပြုလေမည်လော မပြောတတ်ပေ။ သျှစ်သောင်းပုထိုးတော်ကြီးကို ရခိုင်ဘုရင် မင်းဗာကြီးမှ အသောကမင်း၏ကောင်းမှုဖြစ်သော စေတီပေါင်း ရှစ်သောင်းလေးထောင်ကို ရည်စူးကာ တည်ခဲ့သောကြောင့် သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်စေခဲ့သည်ဟု သိရသည်။
သျှစ်သောင်းပုထိုးတော်ကြီး၏ကပ်ရပ်တွင် အံတော်သိမ်တည်ရှိသည်။ သိမ်ပတ်ပတ်လည်တွင် စေတီငယ်များဖြင့် ခြံရံထားသည်။ အတွင်းပိုင်းတွင် အရပ်လေးမျက်နှာသို့လှည့်ကာ စံပါယ်နေသော ဆင်းတုတော်တို့ကို ဖူးတွေ့ရသည်။ ထူးခြားချက်မှာ အစောင့်အဖြစ် ဆင်းတုတော်တို့၏ ပုလ္လင်ဘေးတွင် ဟိန္ဒူနတ်ဘုရားပုံစံ ဆင်ခေါင်းနှင့် လက်များစွာပါသော ရုပ်ထုတို့ကိုတွေ့မြင်ခဲ့ရသည်။ အံတော်သိမ်နှင့်မလှမ်းမကမ်းတွင် ထုက္ကန်သိမ်ရှိပြီး သိမ်၏ပုံစံမှာ ရှေးယခင် ဝတ်ပြုရာ ကျောင်းတော်များနှင့် ဆင်တူသည်ဟု ထင်မိသည်။
သိမ်ပေါ်သို့တက်ရသော ကျောက်လှေကားပင်လျင် ကြီးမားသောကျောက်ကြီးများကို ထွင်းထုကာ ပြုလုပ်ထားခြင်းဖြစ်သည်။ အတွင်းသို့ဝင်ရသော လှိုဏ်ပတ်လမ်းမှာ ခရုပတ်သဏ္ဍာန် ကွေ့ပြီးဝင်သွားရသည်။ မြင်ဖူးခဲ့သမျှတို့တွင် အရှည်ဆုံး လှိုဏ်ပတ်လမ်းဖြစ်သည်။ အီဂျစ်ပိရမစ်တစ်ခုထဲ ရောက်သွားသလိုခံစားရသည်။
လမ်းတို့သည်လျှို့ဝှက်ပြီး ကွေ့ချိုးတစ်ခုတွင်
ဘာရှိနေမည်ကိုကြိုတင်မမြင်နိုင်ပေ။ အဆုံးတွင် အုတ်နံရံကြီးကာဆီးထားပြီးလမ်းဆုံးပြီဟု ထင်ရသော်လည်း အနီးရောက်မှ ဘေးတွင် တံခါးပေါက်တစ်ခုကိုတွေ့ရသည်။ ထိုတံခါးမှလှေကားငယ်တစ်ခုကိုတက်ရပြီး ညာဘက်ပြန်ချိုးသောအခါတွင်မှ အခန်းငယ်တစ်ခုကိုတွေ့ရပြီး အနည်းငယ်မြင့်သောအဆင့်တွင်မှ ဗုဒ္ဓဆင်းတုတော်ကို ကြည်ညိုဖွယ် ဖူးတွေ့ရသည်။
မျက်နှာချင်းဆိုင်မှ ပြတင်းပေါက်ငယ်တစ်ခုဖေါက်ထားပြီး ထိုနေရာမှ ဝင်လာသောအလင်းရောင်သည် ဆင်းတုတော်ကို ကောင်းစွာအလင်းပေးထားသည်။ အလင်းဝင်စနစ် စီစဉ်ထားပုံမှာ ပညာသားပါလှသည်။ ထုက္ကန်သိမ်ကို တည်ဆောက်ထားပုံနှင့် လှိုဏ်ပတ်လမ်း ၊အတွင်းပိုင်း ဝတ်ပြုခန်းပြုလုပ်ထားပုံတို့မှာ လွန်စွာ နှစ်သက်ဖွယ်ကောင်းလှသည်။
လမ်းတွင် ကျွန်တော်တို့ မဝင်ဖြစ်သော စေတီငယ် နှင့် ပုထိုးများလဲရှိသေးသည်။ ထိုစေတီများသည် တစ်ချိန်က ဗုဒ္ဓဘာသာသည် ရခိုင်မြေပေါ်တွင် ခိုင်မာစွာတည်ရှိခဲ့သော သက်သေများဖြစ်သည်။ ထိုသက်သေများ နောင်ရာစုနှစ်များစွာတိုင်အောင် တည်ရှိနေစေရန် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းရမည်ဖြစ်သည်။
သမိုင်းနှင့်ချီကာ တန်ဖိုးရှိလှသော ထိုသက်သေများ မြန်မာ့မြေ၊ ရခိုင့်မြေပေါ်မှ ပျောက်ကွယ်သွားမှာ မလိုလားပေ။ အနောက်တံခါး၏ ပြသနာကို ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်စွာ ကိုင်တွယ်ဖြေရှင်းရပေမည်။ ထူးခြားလှသော ဗိသုကာလက်ရာတို့ရှိရာ၊ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုတို့ ရှိရာ ရခိုင်မြေသို့ တစ်ခါတစ်ခေါက်တော့ ရောက်အောင်သွားရောက်လည်ပတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။
အချိန်ပေးပြီး ဖတ်ရှူပေးကြသည့်အတွက် အတိုင်းမသိ ကျေးဇူးတင်ပါသည်ခင်ဗျာ...
(ဓာတ်ပုံများမှာ ခရီးစဉ်အတွင်း ကျွန်တော်ရိုက်ခဲ့သောပုံများဖြစ်ပါသည်)
စိုင်းကောင်းဇော်သန့်
MSC-261