အိုဘယ့်ရခိုင်မြေ(၂)
နောက်တစ်နေ့တွင် စစ်တွေမှ မြောက်ဦးသို့ ကားဖြင့်ခရီးဆက်ခဲ့ကြသည်။ မူလကတော့ စက်လှေဖြင့် သွားရန် စီစဉ်ခဲ့ကြသော်လည်း ရာသီဥတုမှ မိုးရောလေပါ ထန်နေသောကြောင့် ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်။ လမ်းခရီးတစ်လျောက်မြင်ရသည်များမှာ ကျွန်တော်တို့ ရှမ်းပြည်ဘက်မှ မြင်ကွင်းများနှင့်မတူပဲ ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။
ယခင်က ကတ္တရာ ကျောက်ခင်းလမ်းကို ယခု ကွန်ကရစ်လမ်းသို့ အဆင့်မြင့်တင်ထားသည်ဟုဆိုသည်။
လမ်းမှာကောင်းမွန်သော်လည်း အနည်းငယ်ကျဉ်းသောကြောင့် ကားနှစ်စီးတွေ့ဆုံချိန်တွင် အရှိန်လျော့မောင်းရသည်။ ထို့အတွက်ကြောင့်ပင် အချိန်ပိုကြာရခြင်းဖြစ်သည်။
လမ်းဘေးဝဲယာတစ်လျောက်မြင်ကွင်းများမှာ ရေလွှမ်းနေသော စပါးခင်းများဖြစ်သည်။ မိုးများသော ဒေသဖြစ်သောကြောင့်လဲ ရေချောင်း ရေကန် ပေါများသည်။
တစ်ခါတစ်ရံ ကားလမ်းသည် ကုလားတန်မြစ်အနီးမှ ဖြတ်သွားသောကြောင့် ကုလားတန်မြစ်ကိုပါ မြင်တွေ့ခဲ့ရသည်။ စက်လှေဖြင့်ဆိုလျှင် ထိုမြစ်အတိုင်းသွားရသည်ဟုသိရသည်။
ကျွန်တော်တို့သွားနေစဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး အုံ့မှိုင်းကာ မိုးစက်မိုးပေါက်များကျဆင်းလာပါသည်။ ထိုအခြေအနေသည်ပင်လျင် အလွမ်းဓာတ်ကို ပိုကဲအောင် ဖန်တီးနေသယောင်ယောင်ပင်။
နာမည်ကျော် ကစ္ဆပနဒီတံတားကိုကိုဖြတ်ကျော်ပြီးနောက် ကျောက်တော် မဟာမုနိသို့ ဝင်ရောက်ဖူးမြော်ကြသည်။ မန္တလေး မဟာမုနိဘုရားကိုလည်း ဘိုးတော်ဘုရားမှ မန္တလေးသို့ ဤနေရာမှပင် ပင့်ဆောင်သွားသည်ဟုသိရသည်။ မြောက်ဦးသို့ရောက်သော် မိုးသည်းထန်စွာ ရွာနေသောကြောင့် ထိုနေ့အဖို့ မလည်ပတ်နိုင်တော့ပဲ ဟိုတယ်မှာပင် အနားယူနေလိုက်ကြသည်။
မြောက်ဦးတွင်လဲ ရွှေသဇင် ဟိုတယ်မှာပင်တည်းခိုကြသည်။ စစ်တွေဟိုတယ်ထက်ပင် ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်သည်။
နောက်နေ့မနက်စာစားသောက်ပြီးသောအခါ ကိုးသောင်းဘုရားသို့ ပထမဆုံး သွားရောက်လည်ပတ်ကြသည်။ အပြင်ဖက်တွင် စေတီငယ်ပေါင်းများစွာ တည်ထားသော ကိုးသောင်းဘုရား၏ တည်ဆောက်ပုံမှာ ထူးခြားလှသည်။ လေးထောင့်ကျသော ဖွဲ့စည်းပုံရှိပြီး အပြင်ဖက် လှိုဏ်ပတ်လမ်းနှင့် အလယ်တွင် ပင်မ စေတီတစ်ဆူ တည်ထားပါသည်။
ပတ်လမ်းအတွင်းတွင် ကြည်ညိုဖွယ် ဆင်းတုတော်များနှင့် နံရံထွင်း ကျောက်ဆင်းတုငယ်များကို ဖူးတွေ့နိုင်ပါသည်။ တည်ဆောက်ပုံထူးခြားသော ဘုရားဖြစ်ကာ အခြားနေရာတွင် မြင်တွေ့ရန် မဖြစ်နိုင်ပေ။ ယခင်က မြေကြီးအောက်ရောက်လုနီးထိ မြေများဖုံးအုပ်ကာ တောင်ကုန်းငယ်တစ်ခု သဖွယ် ဖြစ်နေခဲ့ပြီး နောက်ပိုင်းမှ ပြန်လည်တူးဖော်ထားခဲ့ရသည်ဟု သိရသည်။
အပိုင်း(၃)ဆက်ပါဦးမည်..
(ဓာတ်ပုံများမှာ ခရီးစဉ်အတွင်း ကျွန်တော်ရိုက်ခဲ့သောပုံများဖြစ်ပါသည်)
စိုင်းကောင်းဇော်သန့်
MSC-261