စည်းကမ်းဟူသည် လူ့ဘောင်အဖွဲ့အစည်းအတွင်း မရှိမဖြစ်သော အရာပင်ဖြစ်သည်။ သို့သော် စည်းကမ်း၏ အဓိပ္ပါယ်ကို သေချာနားလည်သူ လိုက်နာသူ ကျွန်တော်တို့ နိုင်ငံတွင် ရှားပါးလှသည်။
စည်းကမ်းကို ကန့်သတ်ချုပ်ချယ်သည်ဟုသာ မြင်ကြသူများလှသည်။ အခြားအကြောင်းရင်း တစ်ချက်မှာလဲ လိုက်နာသူနည်းပါးသောကြောင့် စည်းကမ်းလိုက်နာသူများကပင် မှားယွင်းနေသယောင် ဖြစ်နေကြသည်။ စည်းကမ်းရှိမှ တိုးတက်မည် နိုင်ငံကြီးသား ပီသမည် စသဖြင့် နားမဆန့်အောင် ကြားခဲ့ကြရသော်လည်း လက်တွေ့တွင် လိုက်ပါလုပ်ဆောင်သူ မရှိသလောက်ပင်။
စည်းကမ်းသည်ပညာတတ်ခြင်း မတတ်ခြင်းနှင့်လဲမဆိုင် လူတစ်ဦးတစ်ယောက်၏ ခံယူချက် ယုံကြည်ချက်နှင့်သာ သက်ဆိုင်သည်။ တချို့က စည်းကမ်းလိုက်နာရန် ရှက်ကြသည်၊ တချို့က စည်းကမ်းဖောက်ဖျက်ရခြင်းကိုပင် သူတို့ကိုသူတို့ လူဇော်လူမော်ဟု အထင်ရောက်နေကြသည်။
အမှိုက်ကလေးချရာမှအစ ပေါ့ပေါ့နေ ပေါ့ပေါ့တွေးကာ အမှိုက်ကိုချချင်ရာချ ပစ်ချင်ရာပစ် မြောင်းထဲ သွန်လိုသွန်လုပ်ရာမှ စည်းကမ်းပျက်သော အကျင့်ဆိုးကိုစတင်မိကြသည်။ လွယ်လင့်တကူ ပြင်နိုင်ကြသော်လည်း စိတ်ဓာတ်ကြောင့်သော်လည်းကောင်း သတိမမူသောကြောင့်သော်လည်းကောင်း မပြင်နိုင်ပဲရှိကြသည်။
အစကောင်းမှ အနှောင်းသေချာ ဆိုသကဲ့သို့ပင် ငယ်စဉ်ကတည်းက စည်းကမ်းလိုက်နာတတ်ရန် လေ့ကျင့်ပျိုးထောင်ပေးရန် လွန်စွာအရေးကြီးလှသည်။ ကလေးငယ်များကို အနာဂတ်အတွက် သင်ကြားရာတွင် စည်းကမ်းကို သေဝပ်လိုက်နာတတ်ရန်ကို အထူးထည့်သွင်းသင်ကြားသင့်သည်။ ထိုသို့သင်ကြားရာတွင် အကြောက်တရားနှင့် သို့မဟုတ် မဆီလျော်သော အကြောင်းပြချက်နှင့် သင်ကြားမည်ဆိုပါက လွဲမှားသော အကျိုးဆက်ကိုသာ ရရှိမည်ဖြစ်ပါသည်။ စည်းကမ်းရှိသောနိုင်ငံမှ လူများကို လေ့လာကြည့်လျင် မှန်ကန်သောတွေးခေါ်မှုနှင့် ဝေဖန်ပိုင်းခြားနိုင် စွမ်းရှိသည်ကို တွေ့ရပေမည်။
အရွယ်ရောက်ပြီးသူများအတွက်မှာ ပျက်အစဉ် ပြင်ခန ဆိုသကဲ့သို့ပင် အသေးအဖွဲလေးများမှ စတင်ပြီး လိုက်နာကြမည်ဆိုလျင် ခဲယဉ်းမည်မဟုတ်ပေ။ မပြင်ဘဲ နေမှသာလျင် တစ်သက်လုံး အရိုးစွဲသွားမည်ဖြစ်သည်။ ဒဏ်ပေးမှာကိုကြောက်သောကြောင့် လိုက်နာရခြင်းထက် အကျိုးအပြစ်ကို နားလည်ပြီး ကြီးသည်ငယ်သည်မရွေး ရာထူးရှိသည် မရှိသည်ကိုအပထား၍ စည်းကမ်းလိုက်နာကြမည်ဆိုပါက ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကို ရရှိမည် ဖြစ်ပါသည်။ ကျွန်တော်တို့သည် လွတ်လပ်သော လူ့အဖွဲ့အစည်းကို လိုလားကြသော်လည်း သင့်လျော်သော ထိန်းကွပ်မှုမရှိပါက အသိုင်းအဝိုင်းတစ်ခုသည် ပရမ်းပတာနိုင်သော အဖွဲ့အစည်းတစ်ခုသာဖြစ်ပေလိမ့်မည်။ တစ်ဦးတစ်ယောက်မှစ မြို့ရွာ နိုင်ငံအထိ စည်းကမ်းရှိသော လူ့ကျင့်ဝတ်ကိုလေးစားသော တရားဥပဒေစိုးမိုးသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန် ရည်သန်၍……………………………………………….
Photo credit: Google image
sai kaung zaw thant
MSC-261