သီရိမင်္ဂလာ တောင်ကွဲစေတီ
လွိုင်ကော်ဟုဆိုလိုက်လျှင် တောင်ကွဲစေတီ နှင့်တွဲကာသိကြသည်ဖြစ်သဖြင့် တောင်ကွဲစေတီသည်လွိုင်ကော်၏ပုံရိပ်ပင်ဖြစ်သည်။ "သမီးရည်းစားစုံတွဲအတူဖူးလျှင် ကွဲတတ်သည်" ဟူသော ကျိန်စာလိုလို ယုံတမ်းစကားလိုလိုနှင့်လည်း လူအများသိကြသေးသည်။ "သီရိဒေါ"မြို့ကို အစွဲပြုကာ သီရိတောင်(သို့မဟုတ်)မင်္ဂလာသီရိတောင်ဟု ခေါ်ဝေါ်သောတောင်ပေါ်တွင်တည်ထားသောကြောင့် ၁၉၇၀ ခုနှစ်မှစ၍ "သီရိမင်္ဂလာတောင်တော်စေတီ" ဟုခေါ်ခဲ့ပါသည်။ တောင်တော်၏ အမြင့်မှာ ၃၈၇ပေ ဖြစ်ပြီး သဘာဝကျောက်ထွဋ်ကြီး ၉ လုံးပေါ်တွင် စေတီများတည်ထားပါသည်။ ၎င်းကို ရှမ်းဘာသာစကားအရ "လွိုင်ဖာတက်" ဟုခေါ်ပြီး ကယားဘာသာဖြင့် "ဖေါ်ဖြဲ" ဟုခေါ်ပါသည်။
တောင်တော်မှာ ကိုးစိတ်ကိုးမွှာ ကွဲနေပြီး ကျောက်ဆောင်တောင်ထွဋ် ကိုးခုရှိသော သီရိမင်္ဂလာတောင်သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ တောင်အရပ်တွင် တည်ရှိသည်။
ကိုးစိတ်ကိုးမွှာကွဲနေသော ကျောက်ဆောင်တောင်ထွဋ်တိုင်းတွင် စေတီတော် တစ်ဆူစီတည်ထားသည်။ ဌင်းတို့မှာ
ပြည်လုံးချမ်းသာစေတီတော်၊ ရွှေယပ်တောင်စေတီတော်၊
ရွှေရင်အေးစေတီတော်၊ ကျောက်သဗ္ဗာန်စေတီတော်၊ အောင်တော်မူစေတီတော်၊ ဆုတောင်းပြည့်စေတီတော်၊ အောက်ကျိုက်ထီးရိုးစေတီတော်မြတ်၊ အထက်ကျိုက်ထီးရိုးစေတီတော်မြတ်နှင့် ရွှေပြည်အေးစေတီတော်မြတ် တို့ ဖြစ်ကြသည်။
ညဏ်တော် ၃၆ ပေ၊ လုံးပတ်တော် ၂၇ ပေရှိပြည်လုံးချမ်းသာစေတီတော်ကို ၁၂၉၅ (၁၉၃၃)ခုနှစ် ၊
ညဏ်တော် ၂၀ ပေ ၊ လုံးပတ်တော် ၁၅ ပေရှိသော ရွှေယပ်တောင်စေတီတော်ကို ၁၂၅၇ (၁၈၉၅)ခုနှစ်၊ ညဏ်တော် ခုနှစ်ပေ၊ လုံးပတ်တော် ငါးပေခြောက်လက်မရှိသော ရွှေရင်အေးစေတီတော်ကို ၁၂၇၅ (၁၉၁၃) ခုနှစ်၊ ညဏ်တော် လေးပေခြောက်လက်မ၊ လုံးပတ် သုံးပေရှိသော ကျောက်သဗ္ဗာန်စေတီတော်ကို ၁၂၇၆ (၁၉၁၄) ခုနှစ်၊ ညဏ်တော် ၁၁ ပေ ၆ လက်မ၊ လုံးပတ်တော် ၁၀ ပေ ၉ လက်မရှိအောင်တော်မူစေတီတော်ကို ၁၂၉၁ (၁၉၂၉) ခုနှစ် ၊ ညဏ်တော် ၁၁ ပေ ၆လက်မ၊ လုံးပတ်တော် ကိုးပေ ခြောက်လက်မရှိ ဆုတောင်ပြည့်စေတီတော်ကို ၁၂၉၁ (၁၉၂၉) ခုနှစ်၊ ညဏ်တော် ငါးပေ ၁၀လက်မရှိသော အောက်ကျိုက်ထီးရိုးစေတီတော်ကို ၁၂၉၅ (၁၉၃၃) ခုနှစ်၊ ညဏ်တော် ငါးပေခြောက်လက်မ ၊လုံးပတ်တော် ငါးပေရှိသော အထက်ကျိုက်ထီးရိုးစေတီတော်ကို ၁၂၉၆ (၁၉၃၄) ခုနှစ် ၊ ညဏ်တော် ခုနှစ်ပေ ၊လုံးပတ်တော် ခြောက်ပေ ၁၀ လက်မရှိသော ရွှေပြည်အေး စေတီတော်ကို ၁၃၁၂ (၁၉၅၀) ခုနှစ်တို့ တွင် အသီးသီးတည်ခဲ့သည်။
Ref. : မေလေး (ကန္ဒရဝတီ) ၊ ပန်သုခမြန်မာ ။