အမွေတောင်းနည်း
"လုပ်ခြေလုပ်လက်၊ စဉ်ဆက်နည်းမှီး
မကျင့်သီးသော်၊ ချီးနှီး ဥစ္စာ
လိုခါ မရ၊ ကြောင့်ကြ စိုးရိမ်
ဖန်ကြိမ် များစွာ၊ အိုသောခါလည်း
မဟာဒုက္ခ၊ တွင်းဆုံးကျသည်
နောင်တ နှလုံးမငြိမ်တည်း"
"လုပ်ခြေလုပ်လက်၊ စဉ်ဆက်နည်းမှီး" ဆိုတာက မိဘဘိုးဘွား စဉ်ဆက် အခြေနဲ့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ဆိုလိုလေသလားလို့ တွေးမိပါတယ်။
မိဘဘိုးဘွားတွေရဲ့
အသက်မွေး ဝမ်းကျောင်းအလုပ်တွေကို
အစဉ်အဆက် အမွေခံကာ နည်းမှီးသင်ယူပြီး လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုတာကို "မကျင့်သီး" လို့ ဆိုခဲ့တာများလားလို့ ယူဆပါတယ်။
ပညာမဲ့တဲ့အတွက်
"အသက်မွေးမှု တစ်ခုပညာ"
ဘာကိုမှ မတတ်မြောက်ခဲ့ဘူးဆိုရင်
ပစ္စည်းဥစ္စာ မရှာဖွေနိုင်တဲ့အတွက် အခြေမဲ့အနေမဲ့ဘဝကို ကျရောက်သွားပါလိမ့်မယ်။
ကျန်းမာရေး၊ လူမှုရေး၊ ကုသိုလ်ရေး စသည်ဖြင့် အသုံးပြုဖို့ လိုအပ်လာတဲ့အခါ သုံးစရာ ဗလာနတ္ထိ ဖြစ်နေပါလိမ့်မယ်။ ချို့ငဲ့လွန်းလှတဲ့ဘဝမှာ အချိန်နဲ့အမျှ စိုးရိမ်ကြောင့်ကြမှုတွေ ကြိမ်ဖန်များစွာ ခံစားနေရပေလိမ့်မယ်။
အိုမင်းလာတဲ့ အခါမှာတော့
ကြီးမားသော ဆင်းရဲခြင်းဖြင့်
အဆင်းရဲကြီး ဆင်းရဲရပေတော့မယ်။ ဘဝတစ်လျှောက်လုံးမှာ
ပြုသင့်တဲ့အရာတွေ မပြုမိ၊
မပြုသင့်တဲ့အရာတွေ ပြုမိနေတာပါလားလို့ တွေးတောပူပန်ပြီး
စိတ်တွေ မငြိမ်မသက်နဲ့
ဘဝနိဂုံးကို
ပူပူပန်ပန် အဆုံးသတ်ရပေလိမ့်မယ်။
"တွင်းဆုံးကျ" ဆိုတဲ့ စကားကလေးကို ကျွန်တော်က ကိုယ်တွေ့နဲ့ နားလည်နေတယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့ အညာဒေသမှာ ကျွန်တော်ငယ်စဉ်က
ရေ အလွန် ရှားတယ်ဗျ။
တတ်နိုင်တဲ့ အိမ်တွေက ကိုယ်ပိုင် ရေတွင်းတူးကြပါတယ်။
အညာဓလေ့အတိုင်း
ဝိုင်းဝန်း တူးကြတာဆိုတော့ ပျော်စရာကြီးပေါ့ဗျာ။
သည်လို လူစုစု ရှိနေရင် ကျွန်တော်တို့ ကလေးတွေကလဲ ပါပြီပေါ့။
ရေတွင်းက တဖြည်းဖြည်း နက်လာပြီဆိုရင် ထန်းတက်လှေကားကြီးကို ချပြီး တွင်းထဲကို ဆင်းတူးကြရပါတယ်။
လူကြီးတွေ နားနေခိုက်မှာတော့ ကျွန်တော်တို့ ကလေးများ အလှည့်ပေါ့။ တွင်းတူးတာ မဟုတ်ပါဘူး။
တွင်းထဲကို ဆင်းကြည့်ကြတာပါ။
ကျွန်တော်က ကြောက်တတ်သူ ဆိုတော့ သူများတွေကို အရင် အဆင်းခိုင်းပြီးမှ နောက်က လိုက်ဆင်းပါတယ်။
တွင်းအောက်ခြေကို ရောက်တာနဲ့ ကောင်းကင်ကို မော့ကြည့်တော့
ကောင်းကင် ပြင်ကျယ်ကြီးကို
ကွက်ကွက် သေးသေးကလေးပဲ မြင်ရတော့သဗျ။
ဘေးဘီကြည့်ပြန်တော့လဲ မြေနံရံကြီးပဲ မြင်ရတယ်။
သူငယ်ချင်းတစ်သိုက်နဲ့တောင် စိတ်အားငယ်သွားလိုက်တာများဗျာ။ ကိုယ်တစ်ယောက်တဲ
နောက်ဆုံး ကျန်ရစ်မှာစိုးလို့
အရင်ဆုံး တက်ပြေးတော့တာပဲ။
အဲသည်လောက် သတ္တိကောင်းသူပါဗျာ။
သည်လို ပြန်တက်လို့ ရနိုင်တဲ့ တွင်းထဲ ဆင်းကြည့်တာတောင်
သည်မျှ စိတ်အားငယ်မိတယ် ဆိုရင်
ပြန်မတက်နိုင်တဲ့ တွင်းနက်ကြီးထဲမှာ ကူသူကယ်သူမဲ့ ကျခဲ့မယ်ဆိုလို့ကတော့ ဘယ်ကလောက် ဆင်းရဲဒုက္ခကြီးလိုက်မယ် ဆိုတာ တွေးကြည့်ပါဗျာ။
ပညာမတတ်ဘဲ အသက်တွေသာ ကြီးလာမယ်ဆိုရင် အဲသည်လို တွင်းနက်ကြီးထဲကို
အဆုံးထိရောက်အောင် ကျသွားသလိုပါပဲတဲ့ဗျာ။
ပစ္စည်းဥစ္စာ ချို့ငဲ့ပြီဆိုရင် ငွေမရှိရင် အသက်ကြီးလေ ဒုက္ခပွေလေပါပဲ။ တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ် အရွယ်ကတော့ မိဘအရိပ် ခိုနိုင်ပါတယ်။ လေးဆယ်၊ ငားဆယ်၊ ခြောက်ဆယ် အရွယ်မှာလဲ ဆွေမျိုးအရိပ် ခိုကောင်းခိုနိုင်ပါလိမ့်မယ်။
သည်အရွယ်တွေထက် လွန်လာတဲ့ လူအိုတစ်ယောက်ကိုတော့ ဘယ်သူကမှ အရိပ်ခိုခွင့် ကြည်ကြည်ဖြူဖြူ
မပေးချင်တော့ပါဘူး။ ကိုယ့်သားသမီးအရင်းကပင်လျှင် ငွေကြေးမပြည့်စုံရင် မကြည်ဖြူချင်ပါဘူး။
"သမီးရယ်...အမေ ထမင်းစားပျက်လို့ အသုပ်ကလေး ဝယ်ကျွေးပါလား" လို့ ပြောရင်
"သူများစားသလို စားပါလား၊ ကြေးကိုထူတယ်" လို့
ငေါက်တာ ခံရပါလိမ့်မယ်။
"နေမကောင်းလို့ ဆေးခန်းပို့ပေးပါကွယ်" လို့များ ပြောမိရင်
"ဆေးခန်းတစ်ခါသွားရင် ငွေဘယ်လောက်ကုန်သလဲ ဆိုတာ မသိဘူးလား၊ သေမသေနိုင်သေးဘူး" လို့ ဆူစောင့် ပြောဆိုတာကို ခံရပါလိမ့်မယ်။
ငွေမရှိဘဲ အိုမင်းရခြင်းရဲ့ ဒုက္ခတွေပေါ့ဗျာ။
ဒါကြောင့် ကျောင်းသားတွေကို ပြောရပါတယ်။
"ကျွန်တော်တို့ကတော့ သုံးဆယ်ဘရိတ်ပဲ၊ လေးဆယ်ဘရိတ်ပဲ ဆိုရင်တော့ ပျော်ပျော်သာ နေကြကွာ၊
အသက်ရှည်ရှည် နေဦးမယ် ကြံရင်တော့ အိုဒုက္ခတွေ နဲအောင် ပညာကြိုးစား သင်ကြ" လို့ တိုက်တွန်း ပြောဆိုရပါတယ်။
ရှေးအတိတ်ကံက ကောင်းလွန်းလှလို့ ပညာမတတ်ပေမဲ့လဲ ချမ်းချမ်းသာသာ အိုမင်းခွင့်ရသည်ပဲ ဆိုပါစို့။
အိုမင်းသူတွေ ခံစားရတဲ့ ဒုက္ခတစ်ခု ရှိပါသေးတယ်။
အဲဒါက ကိုယ်ပြောတဲ့စကားကို ဂရုတစိုက် နားထောင်ပေးမယ့်သူ မရှိတဲ့ဒုက္ခ ဖြစ်ပါတယ်။
ကိုယ်က ပညာက မတတ်တော့ ပညာရပ်ဆိုင်ရာ စကားကလဲ ပြောစရာမရှိ၊ သည်တော့ လိုလိုချင်ချင် နားထောင်မယ့် တပည့်ငယ်သားက မရှိ။
စကားကလဲ ပြောချင်၊
ငယ်ဘဝက အကြောင်းတွေက
တရစ်ဝဲဝဲ ပေါ်နေတော့ ပြောစရာစကားက တစ်ပုံတစ်ပင်။
သားသမီးကိုပြောတော့
"အဖေကလဲ...အမေကလဲ၊ သည်အကြောင်းတွေ ပြောနေတာ ဖန်တစ်ရာတေနေပြီ" ဆိုပြီး
ကိုယ့်အနားက ထသွားရော။
မြေးကို ပြောပြန်တော့
"အဖိုးကလဲ...အဖွားကလဲ၊ သည်လိုက သည်လို သည်လိုလေ..." လို့ ကိုယ်ပြောမယ့်စကားကို ပိတ်ပြောပြီး ပြေးပါလေရော။
ပြောမယ့်စကား နားထောင်မယ့်သူ မရှိတာက အတော်ကြီးတဲ့ ဒုက္ခကြီးပါပေပဲဗျာ။
ကျွန်တော်က သည်ဒုက္ခကို
ဘာ့ကြောင့် သိနေတာလဲ ဆိုတော့ အသက်ကြီးတဲ့သူတွေနဲ့ အတူနေခဲ့ရလို့ပါ။ ကျွန်တော့်ပါရမီလို့ပဲ ပြောရမလား။ အသက်ကြီးတဲ့သူတွေပြောတဲ့စကားဆို ဘယ်နှခါ ထပ်ကြားရကြား ကျွန်တော်က နားထောင်ရတာ အလွန်သဘောကျသတဲ့ဗျ။
ဒါကြောင့် အဖိုးအဖွားတွေက
ကျွန်တော့်ကို အလွန်ချစ်ကြတာ။
ကျွန်တော့်ရဲ့ ချမ်းသာတဲ့ အဖိုးတစ်ယောက်က ဘယ်သူနဲ့မှ မနေဘဲ သီးခြားနေတာပါ။
မြေးတွေအများကြီး ရှိတာမှာ
ဘယ်မြေးမှ သူ့အိမ် ကြာကြာ မထားပါဘူး။ ကျွန်တော့်ကိုတော့ သူ့အိမ် အနေကြာလို့ ကိုယ့်အမေအိမ် ပြန်မယ် ဆိုရင်တောင် မပြန်စေချင်ဘူးဗျ။
အမေရဲ့ အဖေပါပဲ။
အမေ့ကိုတောင် သူ့အိမ် ကြာကြာနေစေချင်တာ မဟုတ်ပါဘူး။
ကျွန်တော့်ကိုတော့ ကြိုက်သလောက်နေပဲ။ ကျွန်တော်က သူ့စကားပြောဘက် ဖြစ်နေတာကိုး။
ကျွန်တော်ကလဲ အဖိုးစကားသံ တိတ်နေရင်တောင်
"အဖိုး၊ အဖိုး ကာလသားတုန်းက
အဖိုးကို မကြိုက်လို့
ကောင်မကလေးအိမ် ခဲနဲ့ထုခဲ့တာကလေး ပြောပါဦး" လို့ စကားစဖော်ပေးပါတယ်။
ကျွန်တော်က ကိုယ်ကြိုက်တဲ့ ကက်ဆက်ဇာတ်လမ်းဆို ဆယ်ခါဖွင့် ဆယ်ခါနားထောင်တတ်တဲ့ လူမျိုးဆိုတော့ အဖိုးက သူ့အကြောင်း ဘယ်နှခါပြောပြော စိတ်ဝင်တစား နားထောင်ပေးတာပဲဗျ။ အဖိုးက ကျွန်တော့်ကို မချစ်ဘဲနေနိုင်ပါတော့မလား။ အသက်ကြီးသူတွေ ခံစားရတဲ့ ဒုက္ခကို ကျွန်တော်က ဖြေဖျောက်ပေးနိုင်တာကိုး။
နောက်ဆုံး အဖိုးက သူပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံး ကျွန်တော့်ကို အမွေလွှဲပေးသွားတယ်။
ကျောင်းသားတွေကို
"အမွေရစရာရှိရင် သည်နည်း သုံးကြည့်ဗျ" လို့ ကျွန်တော်က စာသင်ရင်း ရယ်စရာ ပြောပါတယ်။
တစ်ခါမတော့ အိမ်ဝိုင်းသင်ရတဲ့ ကျောင်းသားတစ်ယောက်က ကျွန်တော့်ကို ဆီးကြို ပြောသဗျ။
"ဆရာရေ့၊ ဆရာပေးတဲ့နည်း သုံးလိုက်တာ၊ ကျွန်တော် အောင်မြင်သွားပြီ" လို့ စကားအစပ် မရှိဘဲ ပြောလာပါတယ်။
ကျွန်တော်လဲ လန့်ဖျပ်သွားပါတယ်။
ငါ ဘာပြောမိလို့ ဘာတွေများ ဖြစ်ကုန်ပါလိမ့်ပေါ့။
"ကျွန်တော့် အဖွားကို ဆရာပြောတဲ့ နည်းလမ်းအတိုင်း စကားနားထောင်ပေးလိုက်တာ အခု အဖွားက သူပိုင်တဲ့ တိုက်ခန်းကို ကျွန်တော့်ကို စာချုပ်ပေးမှာတဲ့"
ကျွန်တော့်တပည့်က တကယ်ကို ကျေကျေနပ်နပ်ကြီးပြောတာဗျ။
ကျွန်တော့်မှာတော့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပါသေးတယ်။
သူ့မိဘတွေ ကြားသွားလို့
သူတို့နဲ့ သားအကြား ခလောက်ဆန်သွားတဲ့ဆရာဆို အလုပ်ဖြုတ်ပစ်ရင် အခက်ဗျာ...။
ကဲ...အမွေရစရာ ရှိတဲ့သူတွေ သုံးကြည့်ကြပေတော့...။
ရရင်တော့ တစ်ဝက်ပေးရမယ်။