Question
~မင်္ဂလာပါ
ညီမ မေးချင်တာလေး အကြံဥာဏ်ကောင်းလေး တောင်းချင်လို့ပါအမ၊၊
ညီမ မျက်နှာ မှာ စိတ်ပင်ပန်းမှုတွေ အရမ်းပေါ်နေလို့ပါအမ၊၊
အလုပ်ထဲမှာလဲ Department head
ကျောင်းကလဲတက်နေတော့ အရမ်းပင်ပန်းပါတယ်အမ၊၊
ဂျပန်ကုမ္ပဏီ ဖြစ်ပြီး တခြား head တွေထက် တာဝန်ပိုကြီးပြီး တာဝန်ယူရမှု များပါတယ်အမ၊၊
ညီမက အိမ်တွင်းပုံး အရမ်းကြောက်တတ်ပြီး အသက် ၂၅ လောက်အထိပေါ့၊၊
တခြားကျောင်းတွေတက်ပြီး လုပ်ငန်းခွင်ထဲရောက်ခဲ့ပါတယ်၊၊
ရိုးသား ပြီး အလုပ်ကြိုးစားတယ်
ကျောင်းတွေလဲ ဆက်တက် လုပ်လဲလုပ်နိုင်တော့ နေရာလေး လဲနဲနဲရလာတယ်
ပြသာနာက ညီမ က self confident နဲတဲ့ မျက်နှာ နဲ့ stress ရှိတဲ့ ပုံကို မလိုချင်လို့ပါ၊၊
Company ကလဲ Japan company ဖြစ်တဲ့ အပြင် ညီမကို Japan တွေက တော်တော်အားထားပြီး တော်တော်မျှော်လင့်နေတယ်၊၊
ညီမက အလုပ်လုပ်နိုင်ချင်တယ်
မျက်နှာက stress လျော့ ချင်တယ်
အေးဆေးတည်ငြိမ်တဲ့ မျက်နှာ လိုချင်လို့ပါအမ
ညီမ အတတ်နိုင်ဆုံး စိတ်ထားတတ်အောင်နေပါတယ်၊၊
ဒါပေမဲ့ ညီမ မျက်နှာက stress ရှိနေလို့ပါအမ၊၊
အမေကြောင့် စိတ်မလုံခြုံ စွာနဲ့ ကြီးပြင်းခဲ့တာက အသက်25 ကျော်အထိပါ ဘယ်မှလဲ မသွားရပါဘူး၊၊
အဲတစ်ခုတော့ ရှိပါတယ်အမ၊၊
အမရဲ့ အကြံကောင်းလေးကိုစောင့်မျှော်လျက်ပါ၊၊
ကျေးဇူးတင်ပါတယ်အမ၊၊
ဖြေရှင်းချင်တဲ့ပြဿနာက မျက်နှာမှာ စိတ်ပင်ပန်းမှုတွေ ပေါ်နေလို့ ၊ self confident နဲတဲ့ မျက်နှာ နဲ့ stress ရှိတဲ့ ပုံကို မလိုချင်လို့။ ဖြေရှင်းချင်တာကလည်း အကြောင်းက အလုပ်နဲ့ပတ်သက်နေလို့ နော်။
အဓိက အရေးကြီးဆုံး သိထားရမှာက ကိုယ့်မှာ ဘယ်လိုပြဿနာ အခက်အခဲမျိုး ကြုံရကြုံရ ဒီပြဿနာ ဒီအခက်အခဲကို ဖြေရှင်းတဲ့အခါမှာ အကြောင်းတစ်ခုတည်းကို ကွက်စဉ်းစားပြီး ကွက်မဖြေရှင်းဖို့။
အကြောင်းတစ်ခုတည်းကို ကွက်ကြည့်ပြီး ကွက်ဖြေရှင်းတာဟာ ရေရှည်မှာ ဘယ်တော့မှ မပြေလည်ဘူး။ ပြန်ပြန်ဖြစ်နေအုံးမှာပဲ။
self confident နဲတဲ့ မျက်နှာ နဲ့ stress ရှိတဲ့ ပုံကို မလိုချင်လို့ ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားတဲ့အခါ အလုပ်မှာ အောင်မြင်ချင်လို့ ဆိုတာလောက် မတွေးပါနဲ့။
ငါဟာ ငါ့ဘဝတစ်ခုလုံးကို ငါ့ Personality တစ်ခုလုံးကို အမြင့်ဆုံးထိ မြှင့်ချင်တယ်၊ ဒီအလုပ်တွေ မလုပ်ရလည်း ငါ့ကိုယ်ငါ ကျေနပ်နေတဲ့သူ ဖြစ်ချင်တယ် ၊ ငါ့ကိုယ်ငါ တန်ဖိုးထားတဲ့သူ ဖြစ်ချင်တယ် ၊ ငါ့ကိုယ်ငါ လေးစားတဲ့သူ ဖြစ်ချင်တယ် ၊ ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်ရှိတဲ့သူ ဖြစ်ချင်တယ် ၊ လောကကြီးကို သတ္တိရှိရှိ ရင်ဆိုင်ရဲတဲ့သူ ဖြစ်ချင်တယ် ၊ ငါ ဘယ်ဟာကို YES လို့ ပြောပြီး ဘယ်ဟာကို NO လို့ ပြောရမယ် ဆိုတာ သိတဲ့သူ ဖြစ်ချင်တယ် ၊ ဘယ်အချိန်မှာ ငါအနားယူရမလဲ ဆိုတာ သိပြီး ဘယ်အချိန်မှာ ငါလုပ်ရမလဲ ဆိုတာ သိတဲ့သူ ဖြစ်ချင်တယ် ၊ ငါ့အရည်အချင်းတွေ အစွမ်းကုန်ထွက်ပေါ်လာအောင် လုပ်ချင်တယ် ၊ မိတ်ဆွေကောင်းတွေ လိုချင်တယ် ၊ ငါကိုယ်တိုင်ကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်း ဖြစ်ရမယ် ၊
နောက်လည်း စဉ်းစားပြီး ထပ်ဖြည့်လိုက်ပါအုံး ...
အဓိက ဆိုလိုတာက ကိုယ့်ဘဝတစ်ခုလုံးရဲ့ Quality ပိုကောင်းလာဖို့ကို စဉ်းစားပြီး ကြိုးစားသွားပါ။ နေ့စဉ် နေ့စဉ် မပျက်မကွက် ကိုယ့်ဘဝကို အင်မတန်မြတ်နိုးတဲ့စိတ်လေးနဲ့ ဘဝကို အင်မတန်ချစ်နေတဲ့စိတ်လေးနဲ့ ကြိုးစားသွားနေရမှာပါ။
အလုပ်နဲ့ပတ်သက်ပြီး အကြံပေးရမယ် ဆိုရင် တာဝန်ကြီးတစ်ခု ကိုယ်မနိုင်တာကြီးကို ဇွတ်အတင်းပေးလာရင် ကိုယ်ပိုင်ပိုင်နိုင်နိုင် လုပ်ပေးနိုင်တာ ဒါလောက်ပါ ဒီအထိကတော့ တစ်ယောက်တည်း ဒီရက်ပိုင်းအတွင်းမှာ မနိုင်ပါဘူး ဒါကြောင့် assistant တစ်ယောက်ဖြစ်စေ နှစ်ယောက်ဖြစ်စေ ပေးပါ စသဖြင့် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပြောတတ်ဖို့ အကျင့်လုပ်ပါ။ ကိုယ့်ခေါင်းပေါ် လာတင်သမျှ ယူလိုက်ဖို့ စိတ်မကူးပါနဲ့။ အဲဒါ အကြီးအကျယ် Stress များစေတဲ့အပြင် ကိုယ့်ပင်ကိုယ် ကောင်းတဲ့စိတ်သဘာဝတွေကိုတောင် ထိခိုက် ပျက်ဆီးသွားစေတယ်။ အတွေးအခေါ်တွေ မှားသွားတတ်ပါတယ်။
ကိုယ့် boss နဲ့ ပွင့်ပွင်းလင်းလင်း ဆက်ဆံလို့ ရတဲ့ဆက်ဆံရေးမျိုးကို တည်ဆောက်ပါ။
စကားကို အရိုးသားဆုံး အရှင်းဆုံး ပြောပါ။
လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်း အရိုးသားဆုံး ဆက်ဆံရေးနဲ့ ဆက်ဆံပါ။
stress တော်တော်များများက ဆက်ဆံရေးမကောင်းလို့ ဖြစ်ရတာ ခပ်များများပါ။
ဆက်ဆံရေး ကောင်းနေရင် Stress အများကြီး သက်သာတာ တွေ့ရပါလိမ့်မယ်။
နောက်တစ်ခုက မနက်မိုးလင်းတာနဲ့ အရင်ဆုံး ငါ့စိတ်ကို ဘယ်လိုထားမလဲ ဆိုတာ သေသေချာချာ အာရုံပြုပါ။ အေးချမ်းတဲ့စိတ် တည်ငြိမ်တဲ့စိတ် အရင်ဆုံးမွေးပါ။ တွေးရင်လည်း စိတ်ချမ်းသာစရာကို အရင်တွေးပါ။ ပြီးရင် ကိုယ်အပါအဝင် အားလုံးကို စိတ်ချမ်းသာစေချင်လိုက်တာ ဆိုတဲ့ စိတ်လေးနဲ့ အေးအေးချမ်းချမ်း မေတ္တာပို့ပါ။ အဲဒါ သိပ်ကို အရေးကြီးပါတယ်နော်။
စိတ်ရဲ့သဘာဝက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ မြင်ကွင်းကျယ် ရှု့ဒေါင့်ကနေ စိတ်အကြီးကြီးနဲ့ ဖြေရှင်းရင် အရမ်းလွယ်တယ်။ ဘောင်ကျဉ်းကျဉ်းလေး စိတ်သေးသေးလေးနဲ့ ဖြေရှင်းဖို့ ကြိုးစားရင် မပြီးတော့ဘူး ပတ်ချာလည်နေတယ် ခက်လည်း ခက်တယ်။
တစ်နေ့တာ ရသလောက် စိတ်ကို သတိကပ်ပြီးနေပါ။
အလုပ်တွေ များနေတဲ့ ကြားကပဲ စိတ်တွေ များနေတဲ့ ကြားကပဲ သတိနဲ့ ကိုယ့်စိတ်ကိုယ် သိနေဖို့ လုပ်မှပဲ ရပါတယ်။
သတိဟာ စိတ်ကို သန့်ရှင်းပေးနိုင်တယ် ...အားအင်တွေ ပေးနိုင်တယ် ...
ပညာဉာဏ်ကို ပေးနိုင်တယ် ... လောကကို ရင်ဆိုင်ရဲတဲ့သတ္တိတွေ ပေးနိုင်တယ် ... ချမ်းသာမှု အစစ်အမှန်ကို ပေးနိုင်တယ်ဆိုတာ သတိကို စွဲစွဲမြဲမြဲ လုပ်ကြည့်ရင် ကိုယ်တွေ့ သိလာပါလိမ့်မယ်။
သတိကိုသာ မြဲသထက် မြဲအောင် လုပ်ကြည့်ပါ။ ကျန်တာ ဘာဖြစ်လာမလဲ စောင့်ကြည့်ပါ။
သတိနဲ့ မနေတတ်ပဲနဲ့ ပြဿနာဖြေရှင်းတာ ကတော့ "ဆန်စင်ရာ ကျည်ပွေ့လိုက်" ဆိုသလို ဆုံးနိုင်မှာ မဟုတ်ပါဘူး။
အလုပ်ဟာ အရေးကြီးပါတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ ဘဝအပေါ်မှာ ထားတဲ့ မှန်ကန်တဲ့သဘောထားပါ ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
photo credit;google image