စက်တဲရပြီ၊ ကြိတ်စက် ၂လုံး ပါတယ်။
ဂျင်ဒေါင်း အင်ဂျင် ၂လုံး ပါတယ်။
၂၅ ကောင် ၁လုံး၊ ၃၃ ကောင် ၁လုံး လို့ပြောတယ်။
အားလုံးပြင်သုံးရမယ်၊ စက်ဆရာ လိုပြီ။
ဒီနေ့ စက်ဆရာ လာမယ်၊ သူက အရင် ဒီစက်တဲရဲ့ စက်ဆရာပဲ။
ပြီးတော့ အညာသားရဲ့ ငယ်သူငယ်ချင်း၊ စိတ်ချရတယ် ပြောတယ်။
သူက ဒီစက်တဲမှာလုပ်ရင်း ဝါးဖြူတောင်ရွာက အင်ဝိုင်းသမလေးနဲ့ အိမ်ထောင်ကျသွားတာ။
ဗြုန်းတွေကို ကြိတ်စက်နဲ့ကြိတ်လိုက်ရင် အမှုန့်တွေ ဖြစ်သွားတယ်။
ရေနဲ့ဆေးလိုက်ရင် နွံတွေအရည်ပျော်ပြီး စီးသွားတယ်၊ သဲလိုအမှုန့်တွေကျန်တယ်။
သဲစာလို့ ခေါ်တယ်၊ အင်ဝိုင်းထဲထည့်ပြီး ပြဒါးနဲ့ ရွှေကို ကျင်ယူရတယ်။
အင်ဝိုင်းလှဲ့တယ် ခေါ်တယ်၊ မိန်းကလေးတွေ လုပ်တာများတယ်။
စီးကျလာတဲ့ နွံရည်တွေကို ကန်တစ်ခုမှာ စုထားတယ်။
အဲဒီကန်မှာ နွံတွေ အနယ်ထိုင်တယ်။
နွံတွေ တဖြည်းဖြည်းများလာပြီး ကန်ပြည့်သွားတယ်။
ကန်ပြည့်သွားရင် နွံတွေဆယ်ယူပြီး အိတ်သွတ်ရတယ်။
နွံအိတ်တွေ ရေစစ်သွားရင် နွံတွေပြန်ထုတ်ပြီး အခြောက်လှန်းရတယ်။
တာလပတ်ကြီးခင်းပြီး အခြောက်မြန်အောင် နွံတွေကို လက်တစ်ဆုပ်စာလောက် ပုံပုံပြီး လှန်းကြတယ်။
နွံတွေခြောက်သွားရင် ကြိတ်စက်နဲ့ပြန်ကြိတ်တယ်။
နွံအခြောက်မှုန့်တွေ အိတ်ပြန်သွတ်ပြီး သိမ်းထားရတယ်။
အဲဒာတွေကို ချက်ကန်ထဲထည့်ပြီး cyanide နဲ့ treatment လုပ်ရင် ရွှေရတယ်။
နွံချက်တယ် ခေါ်တာပေါ့။