ဟိုးရှေးရှေးတုန်းက ... မွေးဖွားဖို့အတွက် အသင့်ဖြစ်နေတဲ့ ကလေးငယ်လေးတစ်ယောက်က ဘုရားသခင်ကို မေးခွန်းတွေ မေးခဲ့တယ်။
ကလေးငယ်။ ။ "မနက်ဖြန်ဆို ကျွန်တော်မျိုးကို ဘုရားသခင်က လူ့ပြည်ပို့တော့မယ်လို့ ပြောသံကြားရပါတယ်၊ အရမ်းသေးငယ်လွန်းပြီး အကူအညီမဲ့နေမဲ့ဘဝနဲ့ ကျွန်တော်မျိုး အဲ့ဒီမှာ ဘယ်လိုအသက်ရှင်နေနိုင်မှာလဲဘုရာ့"
ဘုရားသခင်။ ။ "မပူပါနဲ့ ချစ်သား ... နတ်သမီးတွေအများကြီးထဲက သင့်အတွက် နတ်သမီးတစ်ပါး ကျွန်ုပ်ရွေးချယ်ပေးထားပြီး ဖြစ်ပါတယ်၊ သူက အခု သင့်ကိုစောင့်နေပြီး ဂရုစိုက်စောင့်ရှောက်ပေးပါလိမ့်မယ်"
ကလေးငယ်။ ။ "ဒါပေမဲ့ ဘုရား ... ကျွန်တော်မျိုးက ဒီကောင်းကင်ဘုံမှာ သီချင်းဆိုတာနဲ့ ပြုံးပြတာပဲလုပ်တတ်တာ၊ ကျန်တာဘာမှမတတ်ဘူးလေ ဘုရာ့"
ဘုရားသခင်။ ။ "သင့်ရဲ့ နတ်သမီးက သင့်အတွက် သီချင်းဆိုပေးပါလိမ့်မယ်၊ ပြီးတော့ သင့်နတ်သမီးရဲ့အချစ်ကို သင်ခံစားမိပြီး ပျော်ရွှင်လာရပါလိမ့်မယ် ချစ်သား"
ကလေးငယ်။ ။ "ဒါပေမဲ့လည်း အဲ့ဒီကလူတွေက ကျွန်တော်မျိုးကို စကားလာပြောရင် ဘယ်လိုလုပ်ရမလဲဘုရာ့၊ သူတို့ဘာသာစကားကို ကျွန်တော်မျိုး နားမလည်ဘူးလေဘုရာ့"
ဘုရားသခင်။ ။ "ဒါကလွယ်ပါတယ်ချစ်သား ... သင့်နတ်သမီးက သင့်ကို အလှပဆုံးနဲ့ အချိုသာဆုံးစကားတွေကို စိတ်ရှည်ဂရုစိုက်ပြီး ပြောပြပါလိမ့်မယ်၊ သင့်ကို သူသင်ပေးပါလိမ့်မယ်"
ကလေးငယ်။ ။ "ဒါဆို ကျွန်တော်မျိုး အရှင့်ကို ပြောစရာရှိရင် ဘယ်လိုလုပ်မလဲဘုရာ့"
ဘုရားသခင်။ ။ "သင့်ရဲ့နတ်သမီးက ဘုရားသခင်ထံ ဘယ်လိုဆုတောင်းစကားဆိုရမလဲဆိုတာ သင်ပေးပါလိမ့်မယ်"
ကလေးငယ်။ ။ "ကျွန်တော်မျိုး ကြားဖူးတာရှိတယ်ဘုရာ့၊ လူ့ပြည်ကလူတွေကအရမ်းဆိုးတယ်တဲ့၊ ကျွန်တော်မျိုးကို ဘယ်သူက ကာကွယ်ပေးမှာလဲဘုရာ့"
ဘုရားသခင်။ ။ "သင့်ရဲ့နတ်သမီးက သူ့အသက်ကို စွန့်လွှတ်ရမယ်ဆိုတောင် သင့်ကို ကာကွယ်ပေးပါလိမ့်မယ် ချစ်သား"
ကလေးငယ်။ ။ "ဒါပေမဲ့ ကျွန်တော်မျိုး အရှင့်ကိုမတွေ့ရလို့ အမြဲဝမ်းနည်းနေရမှာပါပဲဘုရား"
ဘုရားသခင်။ ။ "ကျွန်ုပ်အကြောင်းတွေ သင့်ရဲ့နတ်သမီးက သင့်ကို ပြောပြပါလိမ့်မယ်၊ ပြီးတော့ ကျွန်ုပ်ဆီ ဘယ်လိုပြန်လာရမလဲဆိုတာပါ သင်ပေးပါလိမ့်မယ်၊ ကျွန်ုပ်ကလည်း သင့်အနား အမြဲရှိနေပါတယ်"
ကလေးငယ်။ ။ "အို အရှင်သခင် ... ကျွန်တော်မျိုး မေ့လျော့မိတော့မလို့၊ မနက်ဖြန်ဆို ကျွန်တော်မျိုး လူ့ပြည်ကို သွားရပါတော့မယ်၊ ဒါကြောင့်ကျွန်တော်မျိုးရဲ့ နတ်သမီးနာမည် သိချင်ပါတယ်ဘုရား"
ဘုရားသခင်။ ။ "သူရဲ့နာမည် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အရေးမကြီးပါဘူး ချစ်သား၊
အရေးကြီးတာက သူ့ကို သင် 'အမေ'လို့ ခေါ်ရမယ်ဆိုတာပါ"
"အမေ"ဆိုတဲ့ အနွေးထွေးဆုံး ကြင်နာတတ်ဆုံး နတ်သမီးတွေကို ဂုဏ်ပြုရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu