ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၂၀ ကျော်ရှိသည့်အနက် စိန်သည် အဖိုးထိုက်တန်ဆုံးသော ရတနာတစ်မျိုးဖြစ်၏။ စိန်သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများအတွက်သာမက စက်မှုလုပ်ငန်းများတွင်လည်း အရေးပါသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် စိန်ကို ကျောက်မျက်ရတနာများ၏ ဘုရင်ဟု ခေါ်စမှတ်ပြုကြသည်။
စိန်ကို မည်သည့်နှစ်က စတင်တွေ့ရှိသည်ဟု တိတိကျကျ မည်သူမျှ မခန့်မှန်းနိုင်သော်လည်း စတင်တွေ့ရှိ သုံးစွဲခဲ့သော နေရာမှာ အိန္ဒိယပြည်၊ ရိုလ်ကွန်ဒါအရပ်၌ဖြစ်ပြီး အချိန်မှာ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၈၀၀ ခန့်ကဟု ယူဆရပေသည်။
၁၈ ရာစု၌ အိန္ဒိယပြည်မှ စိန်တွင်းကြီးများ ကုန်ခမ်းခဲ့ပြီးနောက် စိန်ကို ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့သည်။ သို့သော် ထိုတွင်းများမှာလည်း မကြာမီ ကုန်ခမ်းသွားခဲ့၏။ ယခုအခါ ကမ္ဘာပေါ်တွင် ရလျက်ရှိသော စိန်တို့အနက် ရာခိုင်နှုန်း(၉၀)မှာ အာဖရိကတိုက် တောင်ပိုင်းမှ ဖြစ်သည်။
စိန်အရိုင်းပုံဆောင်ခဲ
ထိုဒေသတွင် စိန်တွင်းများ တွေ့ရှိပုံနှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များရှိလေသည်။ ၁၈၆၇-ခုနှစ်ခန့်က ဩရိန်း(Orange)မြစ်တစ်နေရာရှိ ဗိုးဝါး လူမျိုး ကလေးတစ်စု ကစားနေကြစဉ် ကမ်းပေါ်မှ အလွန်လေး၍ ကျောက်ချဉ်နှင့် သဏ္ဌာာန်တူသည့် ကျောက်တစ်လုံးကို တွေ့ရှိကြ၏။ ထိုကျောက်မှာ အခြားကျောက်စရစ်များထက် ကြီး၍ အရောင်လည်းတောက်ပသောကြောင့် ထိုကလေးတစ်စုသည် ထိုကျောက်ကို မိမိတို့မိခင်ထံသို့ ယူဆောင်ကာ ပြသကြသည်။ မိခင်ဖြစ်သူက အိမ်နီးနားချင်းဖြစ်သူ ဗန်နီကပ်ဆိုသူကို တစ်ဆင့်ပြ၍ ထိုသူက ကုန်သည်တစ်ဦးအား ရောင်းခိုင်းရာ ပေါင် ၅၀၀ ရရှိခဲ့၏။
ကင်ဘာလိုက်မိုင်းတွင်း
၂-နှစ်ခန့်ကြာသောအခါ သိုးကျောင်းသားတစ်ဦးထံ၌ ထူးခြားစွာ အရောင်လက်လျက်ရှိသော ကျောက်တစ်လုံးရှိကြောင်း ကြားသိရသဖြင့် ဗန်နီကပ်သည် ထိုသူထံသို့ သွားရောက်ခဲ့၏။ နောက်ဆုံး၌ သူသည် ထိုကျောက်ကို သိုး ၅၀၀၊ ကျွဲနွား ၁၀ ကောင်နှင့် မြင်းတစ်ကောင်ပေး၍ ဝယ်ခဲ့ပြီးလျှင် ကုန်သည်တစ်ဦးအား ရောင်းရာ ပေါင်(၁၁၀၀၀) ရရှိခဲ့သည်။ ထိုစိန်မှာ အရိုင်းဘဝတွင် (၈၃.၅)ရတီရှိ၏။ ထို့နောက်တွင် ဒပ်ဒလီ(Dudley) ဟူသောအမည်ဖြင့် ထင်ရှားလာ၏။
ဤသတင်းများကြောင့် ကမ္ဘာအရပ်ရပ်မှ လူတို့သည် စိန်ဖြင့် စီးပွားရှာရန် စိတ်ဝင်စားလာကြပြီးလျှင် အာဖရိကတိုက်သို့ လာရောက်၍ စိန်တွင်းများကို ရှာဖွေကြ၏။ ထိုအချိန်မှစ၍ တောင်အာဖရိက စိန်တွင်းများသည် ယနေ့တိုင် ကမ္ဘာကျော်နေပေသည်။
စိန်ကိုကြည့်လျှင် စိန်၏ ပင်ကိုယ်အလင်းရောင်ဖြင့် တဖိတ်ဖိတ်တောက်ပနေသည်ဟု ထင်မှတ်ရသည်။ သို့ရာတွင် စင်စစ် ထိုအလင်းရောင်သည် စိန်၏ ပင်ကိုယ်အလင်းရောင် မဟုတ်ပေ။ အလင်းရောင်သည် ရေ၊ ဖန်ထည်ပစ္စည်း စသည်တို့တွင် ဖြတ်သန်းသွားသောအခါ မူလလမ်းကြောင်းမှ အနည်းငယ် ယိမ်းယိုင်သွားတတ်သည်။ အလင်းရောင်သည် စိန်ကိုဖြတ်သွားသောအခါတွင်မူ ပိုမိုယိမ်းယိုင်သွားလေ့ရှိသည်။ ထို့ကြောင့် အကွက်ဖော်ထားသော စိန်၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်လာသည့်အခါ အလင်းရောင်သည် အပြင်ဘက်သို့ တစ်မဟုတ်ချင်း ထွက်မသွားဘဲ အတွင်းသို့ ရိုက်ဟပ်သွားသည်။
တစ်ဖန် ထိုအလင်းရောင်သည် စိန်၏အတွင်း၌ပင် အဆင့်ဆင့် အနည်းငယ်စီ ယိမ်းယိုင်သွားပြီး နောက်ဆုံးမှသာ အပြင်သို့ ထွက်သွားသည်။ စိန်ကို အလင်းရောင်အောက်တွင် ထုတ်ထားသောအခါ စိန်အတွင်း၌ အလင်းရောင်ခိုအောင်းလေ့ရှိရာ ထိုသို့ ခိုအောင်းနေသည့် အလင်းရောင်ကပင်လျှင် စိန်ကို အရောင်တဖိတ်ဖိတ် တောက်ပစေသည်။ ထိုသို့ အရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိသော စိန်သည် ဓာတ်သဘော အလိုအားဖြင့် ကာဗွန် (Carbon) မျှသာ ဖြစ်သည်။
ရှေးပေ၀သဏီအချိန်က ကမ္ဘာမြေအတွင်း၌ရှိသည့် ကာဗွန်သည် အပူရှိန်ကြီးမားခြင်းကြောင့် အရည်ဘဝတွင် တည်နေခဲ့၏။ ထိုသို့ တည်ရှိနေစဉ် အထက်မှ အလွန်ကြီးမားသော ဖိအားသက်ရောက်လာမှုကြောင့် မည်းနေသော ကာဗွန်ဘဝမှ အဖိုးတန်သော စိန်ဘဝသို့ ပြောင်းလာခဲ့သည်။