ငရဲဆိုသည်မှာ ပါဠိဘာသာ`နိရယ´ ပုဒ်ကလာသည်။
နိရယ´ကိုနိ+အယ´ဟု ပုဒ်ခွဲရသည်။
နိ = မရှိ ဟု အနက်ရသည်။
အယ = ချမ်းသာ ဟု အနက်ရသည်။
နိ+အယ´ နှစ်ပုဒ်ကိုပေါင်းလှျင် = ချမ်းသာမရှိသည့်နေရာ ဟု အဓိပ္ပါယ်ရသည်။နိရယ´ပုဒ်ကို ရှေးမြန်မာများက ဆိုငြယ်´ဟုလည်း ရေးကြသည်၊နိရဲ´ဟုလည်း ရေးကြသည်၊ အဓိပ္ပါယ်က အတူတူဖြစ်သည်။ နိရဲမှ`ငရဲ´ ဖြစ်လာသည်ဟု ဆိုသည်။
ငရဲဘုံ၌ ငရဲကြီး(၈)ထပ်ရှိလေသည်။
၁။ သဉ္ဇိုင်း ငရဲ
၂။ ကာဠသုတ် ငရဲ
၃။ သင်္ဃာတ ငရဲ
၄။ ရောရုဝ ငရဲ
၅။ မဟာရောရုဝ ငရဲ
၆။ တာပန ငရဲ
၇။ မဟာတာပန ငရဲ
၈။ အဝီစိ ငရဲ တို့ဖြစ်သည်။
ငရဲငယ် (ဥဿဒငရဲ) ပြင်ဆင်
ဥဿဒ´ဆိုသည်မှာအများအပြား´ဟု အဓိပ္ပါယ်ရသည်။
ငရဲကြီးတွေ၏ အရပ်လေးမျက်နှာမှာ အများအပြား ဝန်းရံတည်ရှိနေတဲ့ ငရဲများဟု ဆိုလို သည်။
ထိုငရဲကြီး(၈)ထပ်တွင် ငရဲတစ်ထပ်စီ၌အရှေ့ဘက်တွင် ငရဲငယ်(၅)ခု၊ အနောက်ဘက်တွင် ငရဲငယ်(၅)ခု၊ မြောက်ဘက်တွင် ငရဲငယ်(၅)ခု၊ တောင်ဘက်တွင် ငရဲငယ်(၅)ခု၊ ပေါင်း (၂၀)ခုစီ ရှိကြသည်။ ထို့ကြောင့် ငရဲကြီး(၈)ထပ်တွင် ငရဲငယ်ပေါင်း (၈x၂ဝ =၁၆၀)ခု ရှိသည်။
အရပ်တစ်မျက်နှာစီရှိ ငရဲငယ်(၅)ခု၏ အမည်များမှာ
၁။ကုက္ကုလုဏှ (ခေါ်) ပြာပူငရဲ = ပိုးလောက်ကောင် ဆင်၏လည်ပင်း လှေ ပိန်းကောငယ်မှျကြီးမားလျက်ရှိသော မစင်ဘင်ပုပ်တွင်းကြီး၌ နစ်မြုပ်ထိုးကိုက်ခံရသော ငရဲ။
၂။ဂူထ ပုတိက (ခေါ်) ဘင်ပုပ်ငရဲ = အလှျံရဲရဲထသော မီးခဲတို့ကို အလွန်အမင်းပူပြင်းသောပြာပူတို့က ဖုံးဖိထားသောကျင်းထဲ၌ကျ၍ ဆင်းရဲခံနေရသောငရဲ။
၃။သိမ္ဗလိ (ခေါ်) လက်ပံတောငရဲ = အလွန်ရှည်သော လက်ပံဆူးတို့က ငရဲသားအပေါ် တက်လှျင် အောက်ဖက်သို့ထက်သောအဖျားလှည့်နေလျက်၊ အောက်ဆင်းပြန်က အထက်သို့အဖျား လှည့်နေကြသော ငရဲ။
၄။ အသိပတ္တ (ခေါ်) သံလျက်တောငရဲ = ဓားလှံ သံလျက်နှင့်တူသည့် အရွက်တွေပေါများ ကြွေကျသော သံလျက်ပင် တောထဲ၌ ပြေးမလွတ်အောင် ဆင်းရဲဒုက္ခခံနေရသော ငရဲ။
၅။ ခါရောဒက(ခေါ်) ကြိမ်ပိုက်မြစ်ငရဲ = ကြိမ်ဆူး ကြိမ်ပိုက်တွေ အထပ်ထပ်ရံလျက် ခါးငန်စပ်ပူသော ရေရှိသည့်မြစ်ထဲ၌ ကူးမလွတ်အောင် ဆင်းရဲခံနေရသော ငရဲ။
တို့ ဖြစ်သည်။
ငရဲငယ် တစ်ခုနှင့် တစ်ခု ယူဇနာ တစ်ထောင့်ငါးရာစီ ဝေးကွာကြသည်။
ယမမင်း ဆိုသည်မှာ ပါဠိဘာသာယမ´၊ မြန်မာစကားမင်း´ကို ပေါင်းပြီးခေါ်ခြင်း ဖြစ်သည်။ အကုသိုလ်ကံ အလျောက် ငရဲထိန်း တို့ ဆောင်ယူပို့လာသော သတ္တဝါတွေကို ဒေဝဒူတ တမန်ငါးပါး ကိုပြပြီး ကောင်းမှုကုသိုလ်တွေကို အောက်မေ့စေတတ်၊ အမှတ်ရစေတတ်သောကြောင့် ယမမင်း´မည်သည်။ ငရဲမင်းကြီး(ယမမင်း) များသည် အပြစ်ကြီးကြီးနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးရန်မလိုပေ၊ အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကိုသာ စစ်ဆေးရန်ဖြစ်သည်။ ပဉ္စာနန္တရိယကံ ကျူးလွန်သူ၊ စေတီပုထိုးဖြိုဖျက်သူ၊ မိစ္ဆာဒိဋ္ဌိ အယူရှိသူ စသောအပြစ်ကြီးသော ငရဲသားများကို တစ်ခါတည်း ငရဲချ၏။ အကုသိ်ုလ်နည်းပါးသူများ အတွက် ငရဲမှ လွတ်လ်ိုလွတ်ငြား ယမမင်းက စစ်ဆေးခြင်း ဖြစ်သဖြင့် ယမမင်းများကို မင်းကောင်းမင်းမြတ်များဟု သတ်မှတ်ကြသည်။ ငရဲတစ်ထပ်စီတွင် ငရဲမင်းကြီး(ယမမင်း) (၄)ဦးစီ ရှိသည်။ အရှေ့ဘက်တံခါးမုခ် တွင်တစ်ယောက်၊ အနောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ မြောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ တောင်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ ပေါင်း(၄)ယောက် ရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီး(ယမမင်း) ပေါင်း(၃၂)ယောက် ရှိသည်။ ငရဲငယ်(၁၂၈)ခုမှာ ငရဲမင်းကြီး(ယမမင်း) များမရှိပါ။ ငရဲမင်းကြီး(ယမမင်း) များ၏ဇာတိမှာ စတုမဟာဇာရ်နတ်ဘုံမှ ဖြစ်သည်။ဝေမာနိက ပြိတ္တာ´ များကို အုပ်ချုပ်ရသော မင်းဖြစ်သည်။ `မဟိဒ္ဓိက ပြိတ္တာ´ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ)ကြောင့် ငရဲမင်းကြီး ဖြစ်လာသည်။
တိဘက်အယူအဆအရ ယမမင်းက ကျွဲခေါင်းနဲ့လို့ ယူဆပါသည်။ ဘေးက သူ့ နှမပါ။ ယမမင်း၏ လက်ယာဘက်မှာ အရိုးနှင်တံကိုကိုင်ထားပြီး လက်ဝဲဘက်မှာ မိစ္ဆာတွေကို ဖမ်းဆီးရန် ကျော့ကွင်းကို ကိုင်ထားပါသည်။ တိဘက်တွေက ယမမင်းသည် ဗုဒ္ဓဘာသာကို စောင့်ရှောက်သော နတ်မင်းတစ်ပါးဟု ယူဆကြသည်။
နောက်မှ၊ ဥဒဿ၏၊ ပြင်ကပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေးသံရေနှင့်၊ မသေမသက်၊ သိပ်သိပ်နက်ဖြင့်၊ ကျွက်ကျွက်အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ဖြုတ် ဘွားဘွား၊ သားငါးချဉ်ချို၊ ဟင်းဒယ်ကျို၍၊ ကြိုကြိုကြားကြား၊ ရှောင်ရှားထွက်ခွာ၊ လွတ်ရာမရ၊ ကြောက်ဖွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီးပူကဲ၊ ငရဲတစ်ခွင်၊ ရဲချင်ချင်နှင့်၊ ထိလျှင်ရှစူး၊ သင်ဓုန်းဦးသို့၊အဆူးရှည်လံ၊ ဝင်းဝင်းလျှံသည်၊ လက်ပံငံငရဲ၊ လွန်ကဲချက်ချက်၊ ထက်ထက်မြသား၊ သန်လျက်လက်သည်း၊ အော်မြည်ကြည်းလျက်၊ လန့်ကျည်းပြင်းစွာ၊ ကုတ်ကျစ်ကာလျှင်၊ ခံရာမချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနိနခ၊ မည်ရမလွဲ၊ ငရဲတစ်တန်၊ စီးဟန်သက်သက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေလွန်မော၊ တမ္ဗောဒက၊ မည်ရမလွဲ၊ ငရဲတစ်ထွေ၊ သံတွေညီးညီး၊ အရှိန်ကြီးလျက်၊ မီးကြီးအလျှံ၊ တောက်ပျံပူလော၊ အယောဂုဠုဠ၊ အမည်ရသား၊ နာမခေါ်မြဲ၊ ငရဲတစ်ချက်၊ ကြောက်မက်စဖွယ်၊ ကြီးကျယ်ဖြိုးမြင့်၊ မိုးနှင့်တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင်တစ်ခဲ၊ ငရဲတစ်ဆစ်၊ ပူအစ်ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်းလျှံခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်ချောင်းတူလှ၊ ဆူပွက်ထသား၊ ဘုသုသနဒီ သညီမှတ်စွဲ၊ ငရဲတစ်မျိုး၊ လျှံခိုးမရှိန်၊ မထိန်မတောက်၊ မနောက်မခဲ၊ မရဲမချဉ်၊ မီးလွတ်စင်လည်း၊ ရိုးခြင်ဆီတွင်း၊ အကုန်ချင်းအောင်၊ ထွင်း၍ဧကျဉ်၊ ရေအယဉ်သို့၊ ရှောင်ကြဉ်မဖြစ်၊ ဆင်းရဲနစ်သား၊ မြစ်ပမာဏ၊ သီတီတနဒီီ၊ ဤလည်းလွန်ကဲ၊ ငရဲတစ်သီး၊ ကျားကြီးဆင်ပေါက်၊ လောဟီကျောက်သို့၊ လန့်ကြောက်ဖွယ်လိ၊ မျက်စိချင်းချင်း၊ စွယ်ဝင်းဝင်းနှင့်၊ ကောက်ချင်းရှက်ထွေး၊ တောင်ပြေးမြောက်ရစ်၊ အော်ဟစ်မြူးခုန်၊ သဲသဲတုန်အောင်၊ ဝိုင်းကုန်အုန်းအင်း၊ ဗြုန်းဗြင်းဆူဝေ၊ မြင်ရုံသေမျှ၊ ခွေးရွှေခွေးနက်၊ ကျားထက်ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူးရှင်ရှင်၊ ရွတ်ရွတ်ငင်၍၊ လျှင်လျှင်ကြွက်ကြွက်၊ ပြေးမလွတ်အောင်၊ ကျွတ်ကျွတ်မျိုဝါး၊ ဟပ်စားကိုက်ခဲ၊ ခွေးငရဲဟု၊ ခေါ်မြဲတစ်ရပ်၊ ကြံညှပ်ယန္တယား၊ စက်အလားသို့၊ ထွားထွားညက်ကြိတ်၊ မည်ကျိတ်ကျိတ်နှင့်၊ ကြောက်ထိပ်ဖွယ်ကြီး၊ တတီးတီးတည့်၊ ယိုစီးအယဉ်၊ ညီးညီးပျဉ်၍၊ မစဉ်တစ်ရစ်၊ ကိုယ်လုံးနစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပ္တပါသာ၊ သညာမည်စွဲ၊ ငရဲတစ်ပုံ၊ လုံးစုံဖေါ်ပြ၊ ယမလောကီ၊ တွင်ညီခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုးလန့်ဘွယ်။ [၁]သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲပြီး ရလာသောပစ္စည်းများနှင့် အလှူဒါနပြုခဲ့ခြင်း၊ သူတစ်ပါးကို ညှင်းဆဲပါရစေ ဟုဆုတောင်းခဲ့ခြင်း တို့ကြောင့် ရလာသည့် ကုသိုလ်ကံ ကိုခေါ်သည်။ လှူသောပစ္စည်း မသန့်စင်၍ ရလာသောကုသိုလ်မှာလည်း အကုသိုလ်နှင့် ရောနေသည်။ ငရဲမင်းကြီး(ယမမင်း) နှင့် ငရဲထိန်းတို့သည် ထိုကုသိုလ်ကံကြောင့် စတုမဟာဇာရ်နတ်ပြည်ကိုရောက်သော်လည်း ငရဲပြည်တွင် လာရောက် တာဝန်ထမ်းဆောင်နေရသည်။
ငရဲသား ပြင်ဆင်
ငရဲသား ဆိုသည်မှာ အကုသိုလ် မကောင်းမှုကို ကျူးလွန်၍ ငရဲပြည်၌ အပြစ်ကျခံရသူကို ခေါ်သည်။ ငရဲသား၏ ဦးခေါင်းမှာ ငါးဦးခေါင်းနှင့်တူသည်။ ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့သည် လူသားတို့၏သဏ္ဌာန်နှင့် တူသည်။ ငရဲသား၏ ကိုယ်ခန္ဓာ ပမာဏမှာ သုံးဂါဝုတ်မှျ ကြီးမားသည်။ ငရဲသားများသည် ဥပစ္ဆေဒကံနှင့် မသေကြရပေ။ ငရဲဘဝ ခံရမည့် အကုသိုလ်ကံကုန်မှ သေကြရသည်။
ဒေဝဒူတ (သေမင်းတမန်)ငါးပါး ပြင်ဆင်
ဒေဝဒူတ (သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို(၅)ဦးကို ပမာပြုခြင်းဖြစ်သည်။ ငရဲမင်းကြီးက အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးသောအခါ ဒေဝဒူတ (သေမင်းတမန်)ငါးပါးကို ပမာထားပြီး ငါးကြိမ်တိုင်တိုင် စစ်မေးရ၏။ ငရဲသားက မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုကို သတိမရလှျင် ကုသိုလ်ပြုစဉ် ငရဲမင်းကြီးအား အမှျပေးဝေခြင်း ရှိမရှိကို ငရဲမင်းကြီးက စဉ်းစားကြည့်ရ၏။ အမှျပေးဝေခြင်းရှိလှျင် ငရဲသားအား ကုသိုလ်ကောင်းမှုကို ပြန်လည် သတိရအောင် လုပ်ပေးပြီး ငရဲမှ လွှတ်သည်။ ကုသိုလ်ကောင်းမှု၊ အမှျပေးဝေခြင်းမရှိလှျင် ငရဲသားအား ငရဲထိန်းတို့လက်သို့ အပ်လိုက်သည်။
ဒေဝဒူတ တရား ၅-ပါး လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။
ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊
ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊
အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊
အာဝုဓ- ဓား လှံ သေနတ်စသောလက်နက်မျိုး၊
မတ- သေသူ, သူသေကောင်။ [၂]
။ သဉ္ဇိုဝ်း ငရဲ = အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော ငရဲ
လူ့ဘုံ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၂။ ကာလသုတ် ငရဲ = ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ဝဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသော ငရဲ
သဉ္ဇိုဝ်း ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၃။ သင်္ဃာတ ငရဲ = အောက်မြေအပြင်တွင် မီးလျှံများထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့သည် ထန်းပင်ငုတ်လေးတွေစိုက်ထားသကဲ့သို့ ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီး နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော ငရဲ
ကာလသုတ် ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၄။ ရောရုဝ ငရဲ = မီးတောက်တို့သည် တဝုန်းဝုန်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံအလောင်ခံနေကြရသော ငရဲ
သင်္ဃာတ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၅။ မဟာရောရုဝ ငရဲ = မီးခိုးများ ငရဲတစ်လုံးခုံး ဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးများက အတွင်းအပြင်အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော ငရဲ
ရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၆။ တာပန ငရဲ = ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလှျံတို့က အမြဲပူလောင်စေတတ်သော ငရဲ
မဟာရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၇။ မဟာတာပန ငရဲ = မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်များ စိုက်ထူထားပြီး ငရဲသူ ငရဲသားများကို ငရဲထိန်းများက သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော ငရဲ
တာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၈။ အဝီဇိ ငရဲ = အဝီဇိ ဆိုသည်မှာ `အကြားမရှိ´ ဟုအဓိပွါယ်ရသည်။ အဝီဇိမှာ ငရဲခံနေရတဲ့ ငရဲသားတွေဟာ အလွန်များသဖြင့် တစ်ဦးနှင့် တစ်ဦး အကြားမရှိအောင် ပူးကပ်နေကြရသည်။ မီးတောက်မီးလျှံများ အကြားမရှိပဲ ငရဲတစ်ခုလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တဝါ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲ ဖြစ်သည်။ ငရဲကျရာတွင် အဝီစိကိုတန်းကျသူ နည်း၏။ ကံကြီးထိုက်သူတွေလောက်သာ တန်းကျသည်။
မဟာတာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။