‘အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်’ဆိုတဲ့ မြန်မာစကားရှိပါတယ်။ မြန်မာတွေ အကြိုက်ဆုံးသစ်သီး၊ အကြိုက်ဆုံးအသားနှင့် အကြိုက်ဆုံးအရွက်တွေကို ပြောတယ်ဆိုတာ ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း သူ့လူမျိုး၊ သူ့ဓလေ့နှင့်သူ လူကြိုက်များတဲ့ သစ်သီးတွေရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံအချို့မှာ ဒူးရင်းသီးကို အသီးတို့ရဲ့ဘုရင် (King of fruits) လို့ တင်စားကြတာ ရှိပါတယ်။ မြန်မာတွေထဲမှာလည်း သရက်သီးထက် ဒူးရင်းသီးကို ပိုပြီး ကြိုက်တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ ဒူးရင်းသီးကို အနံ့ပင် မခံနိုင်သူတွေလည်း ရှိပါတယ်။ သရက်သီးကိုတော့ မကြိုက်တဲ့သူဆိုတာ မရှိသလောက် ရှားပါတယ်။ ဒါကြောင့် လူကြိုက်များတာချင်း ယှဉ်မယ်ဆိုရင် သရက်သီးက သာမယ်ထင်ပါတယ်။သရက်သီးမှာ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်အေ (Vitamin A) နှင့် ဗီတာမင် စီ (Vitamin C) ဆိုတဲ့ ဗီတာမင်တွေကြွယ်ဝပြီး၊ ကယ်လစီယမ်ဆိုတဲ့ ထုံးဓာတ်လည်း အနည်းငယ်ပါဝင်ပါတယ်။ အောက်မှာပြထားတဲ့ ဇယားမှာ ကြည့်မယ်ဆိုလျှင် သရက်သီးစိမ်းဘဝမှာ ကြွယ်ဝပြီး မှည့်လာတာနှင့်အမျှ ဗီတာမင်စီလျော့နည်းလာတာကို တွေ့နိုင်ပါတယ်။ ဗီတာမင်အေက သရက်သီးမှည့်လာလေ ပါဝင်တဲ့ ပမာဏများလာလေ ဖြစ်ပါတယ်။ ထုံးဓာတ်ပါဝင်မှုကတော့ အစိမ်းဖြစ်စေ၊ ရွမ်းပြင်းဖြစ်စေ၊ အမှည့်ဖြစ်စေ ကွာခြားမှု မရှိပါဘူး။ ဒီဆောင်းပါးမှာ သရက်သီးမှာ ကြွယ်ဝစွာ ပါဝင်နေတဲ့ ဗီတာမင်အေ အကြောင်းကို အဓိကတင်ပြပါမယ်။ သရက်သီးမှည့်ဟာ မြန်မာတွေ စားနေကျ အသီးတွေထဲမှာ ဗီတာမင်အေ အကြွယ်ဝဆုံး အသီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်အေဟာ သရက်သီးမှည့်မှာ ဘေတာ ကယ်ရိုတင်း (Beta Carotene) ဆိုတဲ့ ဓာတ်ပေါင်းအနေနဲ့ ပါဝင်နေတာဖြစ်ပါတယ်။ ဇယားမှာ ကြည့်လိုက်လျှင် သရက်သီး အမှည့်ကိုစားမှ ဗီတာမင်အေ (ဘေတာကယ်ရိုတင်း)များ များစားစားရနိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ သရက်သီးစိမ်းကနေ ရနိုင်တဲ့ ဗီတာမင်အေ (ဘေတာ ကယ်ရိုတင်း) ပမာဏဟာ အမှည့်မှာပါတဲ့ ပမာဏနှင့် မနှိုင်းယှဉ်နိုင်လောက်အောင် နည်းပါတယ်။ သရက်သီးစိမ်းဘဝကနေ ရွမ်းပြင်း ဘဝရောက်သည့်တိုင် ဗီတာမင်အေ (ဘေတာကယ်ရိုတင်း) ပါဝင်မှု ပမာဏဟာ ထူးထူးခြားခြား မများသေးပါဘူး။ အမှည့်ဘဝရောက်တော့မှ အခြားအသီးတွေထွက် ထူးထူးခြားခြား ပိုပြီး များလာတာဖြစ်ပါတယ်။ဗီတာမင်အေဟာ မျက်စိကျန်းမာရေးနှင့် အမြင်အာရုံ ထက်မြက်ရေးအတွက် အရေးကြီးပါတယ်။ မျက်စိရဲ့ ရှေ့ဘက်က မြင်နေရတဲ့ အပိုင်းမှာ အဖြူရောင် မျက်ဖြူလွှာ (Conjunctiva) နှင့် အလယ်မှာ မျက်ကြည်လွှာ (cornea) ရှိပါတယ်။ မျက်ကြည်လွှာဟာ မှန်သားလို ကြည်လင်နေပြီး၊ အလင်းရောင် ထုတ်ချင်းဖောက် ဖြတ်သန်းနိုင်ပါတယ်။ မျက်ကြည်လွှာရဲ့နောက်မှာ ရှိနေတဲ့ မျက်နက်ဝန်း (Iris) ကြောင့် မျက်ကြည်လွှာမှာ အနက်ရောင်ပေါ်နေတာပါ။ မျက်နက်ဝန်းက အညိုရောင်ဆိုရင် မျက်ကြည်မှာ အညိုရောင်ပေါ်ပြီး မျက်နက်ဝန်းဟာ အပြာရောင်ဆိုရင် မျက်ကြည်မှာ အပြောရောင်ပေါ်ပါတယ်။ ဗီတာမင်အေ ပြည့်ဝသူရဲ့ ကြည်လင်ရွှန်းစိုတောက်ပ ချောမွှေ့နေတဲ့ မျက်လုံးကို အထက်ပါပုံမှာ တွေ့နိုင်ပါတယ်။
ဗီတာမင်အေ ချို့တဲ့လာလျှင် မျက်ဖြူလွှာဟာ ရွှန်းစိုချောမွေ့မနေတော့ဘဲ ခြောက်သွေ့ ကြမ်းတမ်းလာပါတယ်။ ဒီ့ထက်ပိုပြီး ဗီတာမင်အေချို့တဲ့လာရင်တော့ မှန်သားလို ကြည်လင်နေရမည့် မျက်ကြည်လွှာဟာ မှုန်မှိုင်းလာပါတော့တယ်။ ဒီအခြေအနေမှာ အလင်းရောင်ဟာ မျက်ကြည်လွှာကို ထိုးဖောက်ပြီး မဖြတ်သန်းနိုင်တော့ပါဘူး။ အရာဝတ္ထုတွေကို ပီပီပြင်ပြင် မြင်နိုင်စွမ်း မရှိတော့ပါဘူး။ ဗီတာမင်အေ ချို့တဲ့မှုကြောင့် မျက်ကြည်မှုံဝါးနေတာကို ပုံမှာ တွေ့နိုင်ပါတယ်။
ဒီအခြေအနေမှာ ထိထိရောက်ရောက် မကုသဘူးဆိုရင် မျက်ကြည်လွှာဟာ ဖောင်းတင်မနေတော့ဘဲ ပျော့ရွှဲလာပါတယ်။ အဲဒီနောက် မျက်ကြည်မှာ အနာ (Corneal Clcer) ဖြစ်လာပါတယ်။ ဒီအခြေအနေမှာ မျက်စိကျိန်းလွန်းလို့ အလင်းရောင်ကိုပင် မကြည့်နိုင်တော့ပါဘူး။ မျက်ကြည် အနာကို ဗီတာမင်အေထိုး ဆေးစားဆေးတွေနှင့် ထိထိရောက်ရောက် မကုသဘူးဆိုရင် မျက်လုံးအိမ်ပေါက်သွားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်ပါတယ်။ မျက်ကြည်အနာကို ဗီတာမင်အေထိုးဆေး စားဆေးတွေနှင့် ထိထိရောက်ရောက် ကုသမယ်ဆိုရင်တောင် အနာကျက်သွားပေမယ့် အနာရွတ် ကျန်ခဲ့မှာ ဖြစ်ပါတယ်။ အပြင်တိမ်ဖြစ်ပြီဆိုလျှင် အမြင်စွမ်း အားချို့တဲ့သွားပါပြီ။ အပြင်တိမ်ဟာ သူငယ်အိမ်တစ်ခုလုံးကို ဖုံးအုပ်နေတယ်ဆိုရင် မြင်နိုင်စွမ်း လုံးဝမရှိတော့ဘဲ မျက်စိကွယ်သွားပါလိမ့်မယ်။ မျက်ကြည့်မှုံမှိုင်းသွားတာ၊ မျက်ကြည်မှာ အနာဖြစ်တာ၊ မျက်စိ အပြင် တိမ်စွဲတာတွေကို ဝက်သက် ပေါက်ထားတဲ့ ကလေးတွေ၊ အပြင်းအထန် အာဟာရချို့တဲ့ပြီး ဖောရောင်နေတဲ့ ကလေးတွေ၊ ပိန်လှီနေတဲ့ ကလေးတွေ ခံစားရတတ်ပါတယ်။
ဗီတာမင်အေချို့တဲ့မှုဟာ ကမ္ဘာတစ်ဝန်းမှာ ကလေးတွေ မျက်စိကွယ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး ကာကွယ်လို့ရတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ကလေးတွေကို အသက်တစ်နှစ်မပြည့်ခင် အရွယ်ကစလို့ သရက်သီး မှည့်ရာသီမှာ နေ့စဉ် သရက်သီးမှည့်ကျွေးဖို့ တိုက်တွန်းချင်ပါတယ်။ ဝမ်းပျက်မှာစိုးလို့ ဗိုက်နာမှာစိုးလို့ စတဲ့ ဆင်ခြေတွေပေးပြီး မကျွေးဘဲ မနေပါနှင့်။ သရက်သီးမှည့်ကို လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်းကျွေးမယ်ဆိုရင် ဝမ်းပျက်မှာ ဗိုက်နာမှာ လုံးဝစိုးရိမ်စရာမရှိပါဘူး။ တစ်ဝက်ကို ဟင်းသီးဟင်းရွက်အနေနဲ့ စားမယ်ဆိုရင် ကျန်တစ်ဝက်အတွက် သစ်သီးဝလံတွေကို တစ်ရက်မှာ ၂ ခါ၊ ၃ ခါပြင်လောက် စားရပါမယ်။ အရှည် ၅ လက်မ လောက်ရှိတဲ့ မန္တလေးရင်ကွဲ သရက်သီးမှည့်တစ်လုံးဟာ အလေးချိန် ၃၄ဝ ဂရမ်လောက် ရှိပါတယ်။ အခွံနှင့်အစေ့ကို ဖယ်လိုက်လျှင် အသား ၂၆ဝ ဂရမ်လောက်ကျန်ပါတယ်။ အဲဒီထဲမှာ ကာဗိုဟိုက်ဒရိတ် ၃၂ ဂရမ် (နှစ်ခါပြင်လောက်) ပါပါတယ်။ ဒါကြောင့် ဒီအရွယ် သရက်သီးမှည့်တစ်ခြမ်း (ခွဲစိတ်လိုက်လျှင် ဟင်းသောက်ပန်းကန်လုံးတစ်ဝက်) ဟာ တစ်ခါပြင်/တစ်ခါစားဖြစ်ပါတယ်။ တစ်ကြိမ်မှာ တစ်ခါပြင်လောက် စားရမှာ၊ တစ်ရက်မှာ တစ်ကြိမ်နှစ်ကြိမ် စားရမှာ မကြောက်ပါနှင့်။ သရက်သီးမှည့် တစ်ခါပြင် (တစ်ခြမ်း) စားတာဟာ ကာဗိုဒိုက်ဒရိတ် ပါဝင်မှုမှာ ထမင်းသုံးဇွန်းစားသလောက်ပဲ ရှိပါတယ်။ သရက်သီးဟာ ကျန်းမာရေးကို အမျိုးမျိုး အကျိုးပြုတယ်ဆိုတာ မမေ့စေချင်ပါဘူး။