မန်မာတွေကြားထဲမှာ အသစ်အဆန်းဖြစ်နေသေးတဲ့ ဗဟိုဘဏ်ရဲ့ လှုပ်ရှားလည်ပတ်ပုံတွေအပါအ၀င် တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို ဘယ်လိုကြည့်ရမလဲ၊ ထိန်းသိမ်းရမလဲ၊ စီးပွားရေးကို ဘယ်လိုခန့်မှန်းရမလဲ ဆိုတာတွေကို အမေရိကန်ဗဟိုဘဏ်ဥက္ကဌအဖြစ် ၁၉၈၇ကနေ ၂၀၀၆အထိ၊ ၁၉နှစ်လုပ်သွားတဲ့ပုဂ္ဂိုလ်ကြီးဆီကနေ တစ်ထိုင်တည်း လေ့လာနိုင်မယ့်စာအုပ်။ မြန်မာ့စီးပွားရေး လည်ပတ်ပုံကို စိုးရိမ်နေကြပြီး ဗဟိုဘဏ်နဲ့တကွ စီးပွားရေးစည်းကြပ်သူ မူဝါဒချမှတ်သူတွေကို မေးခွန်းထုတ်တာ များလာချိန်မှာ ပိုတောင် ဖတ်သင့်တယ်။
စကားတစ်ခွန်းထွက်တာနဲ့ စတော့တွေ ဈေးတက်ကျကျကြ၊ ငွေလဲလှယ်နှုန်းတွေ ဂယောက်ဂယက်ဖြစ်ကြတဲ့အတွက် တစ်ကမ္ဘာလုံးက သူ့ပါးစပ်ကထွက်မယ့်စကားကိုပဲ စောင့်ပြီး အဓိပ္ဗာယ်ကောက်ခဲ့ရတဲ့ Alan Greenspan ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ဗတ္တိတစ်ပိုင်း၊ ဘောဂဗေဒသင်ကြားပြသမှု တစ်ပိုင်း၊ တစ်နိုင်ငံလုံး စီးပွားရေးကို ဘယ်လိုထိန်းသိမ်းရတယ်ဆိုတဲ့ အတွေ့အကြုံက တစ်ပိုင်း သုံးမျိုးစပ်စာအုပ်ဖြစ်တဲ့အတွက် အရသာ၃မျိုး၊ သုတ ၃မျိုး ရစေတယ်။
၂၀၀၆ သူအနားယူအပြီး ၂၀၀၇မှာ ထွက်တဲ့စာအုပ် ဖြစ်တဲ့အတွက် လူတွေ အဲဒီတုန်းက စောင့်ဖတ်ရတဲ့ စာအုပ်။ ရုတ်တရက်ကြည့်ရင် လေးလံတဲ့စာအုပ်။ တကယ် အချိန်လည်းစီးတယ်၊ ဘာသာရပ်ကလည်း လုပ်ငန်းတစ်ခုတည်းပေါ် ကြည့်ရတဲ့ business စီးပွားရေးမဟုတ်ဘူး၊ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးပေါ် ခြုံငုံကြည့်ရတဲ့ macroeconomics စီးပွားရေး။ ဒါပေမယ့် ဖတ်ရတာ သွက်တယ်။ ကျွန်တော်က စာအုပ်ထွက်ထွက်ချင်း ၀ယ်တာမဟုတ်ပါဘူး။ ထုံးစံအတိုင်း စာကြည့်တိုက် အဟောင်းပုံထဲက ဆွဲလာတာ။ သိပ်တော့ ဈေးမကျသေးဘူး။ ၂၀၀၇ထွက်တဲ့စာအုပ်ကို ၂၀၁၀မှာ ၀ယ်တာဖြစ်တဲ့အတွက် ၃နှစ်လောက်ပဲ ကြာသေးတာဆိုတော့ ၇ကျပ်ခွဲလောက် ပေးလိုက်ရတယ်။ သိပ်တန်တယ်။ ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်ထက် တစ်ယောက် တစ်သက်စာ အတွေ့အကြုံတွေ တစ်ထိုင်တည်းနဲ့ ရတာလေ။
ဒီစာအုပ်ဟာ နိုင်ငံရေးဘောဂဗေဒ စာအုပ်။ သူကိုယ်တိုင်က ဘောဂဗေဒပညာရှင်လည်းဖြစ်၊ စီးပွားရေး မူဝါဒချမှတ်သူ စည်းကြပ်သူလည်းဖြစ်တာကြောင့် ဧရာမနိုင်ငံရေးတွေနဲ့ စီးပွားရေးတွေ ထိတွေ့တာပေါင်းဆုံတာ ရိုက်ခတ်တာကို နှစ်၂၀လောက် မြင်ခဲ့ရသူဖြစ်တဲ့အတိုင်း စီးပွားရေးနဲ့ နိုင်ငံရေး အဆက်အစပ်တွေကို ရှင်းပြရေးသားသွားတာကို ဒီစာအုပ်မှာ မြင်ရတယ်။ သို့သော် နိုင်ငံရေးက စီးပွားရေးပေါ် လွှမ်းတာထက်စာရင် စီးပွားရေးက နိုင်ငံရေးပေါ် လွှမ်းမိုးတယ်လို့ Greenspan ရဲ့ စာအုပ်ကို ဖတ်ရင် ခံစားရတယ်။
သူ့ငယ်ဘ၀ကစပြီး စီးပွားရေးပညာရှင်၊ အဲဒီကနေ ဗဟိုဘဏ်ဥက္ကဌ ဘ၀၊ ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖြစ်တဲ့ အမေရိကန်စီးပွားရေး အထူးသဖြင့် ငွေရေးကြေးရေးပိုင်းကို သူဘယ်လိုစိတ်ထားနဲ့ ဘယ်လိုကိုင်တွယ်ခဲ့သလဲတွေ ပါတယ်။ အမေရိကန်စီးပွားရေးက ကမ္ဘာ့စီးပွားရေးကို မောင်းနေတဲ့အတွက် Greenspan က ကမ္ဘာ့စီးပွားရေးကို ကိုင်ခဲ့တာ။ အရင်ကတည်းက ကျွန်တော်က ဗဟိုဘဏ်တွေအကြောင်း စိတ်ဝင်စားခဲ့တာ၊ ဒီစာအုပ်ဖတ်ဖြစ်တော့ ပိုစိတ်ဝင်စားလာတယ်။ ဒီစာအုပ်ဝယ်ဖြစ်တာလည်း အမေရိကန်ဗဟိုဘဏ်ကို သက်တမ်းကြာရှည် ကိုင်တွယ်ခဲ့သူရဲ့ လက်တွေ့နဲ့ အမြင်ကို သိချင်လို့ပါ။ စာအုပ်ဖတ်ရင်း ကိုယ့်နိုင်ငံဗဟိုဘဏ်နဲ့လည်း ချိန်ထိုးမိတယ်။
ဒါပေမယ့် မြန်မာနဲ့ အမေရိကန်ဗဟိုဘဏ်နဲ့ ကွာတာတွေ အများကြီး။ ပထမတစ်ချက်က အမေရိကန်ဒေါ်လာက တစ်ကမ္ဘာလုံး သုံးတဲ့ငွေ။ ဒီတော့ တစ်ကမ္ဘာလုံးရဲ့ monetary policy ကို အမေရိကန်ဗဟိုဘဏ်က ကိုင်ထားသလို ဖြစ်နေတယ်။ မြန်မာငွေ “ကျပ်” က ကိုယ့်ပြန်တွင်းမှာတောင် မ“မာ” နိုင်ဘူး။ နယ်စပ်တွေမှာ ထိုင်းဘတ်၊ တရုတ်ယွမ်တို့နဲ့ ပြိုင်နေရသလို ပြည်တွင်းမှာလည်း ဒေါ်လာနဲ့ အပြိုင်ကျဲနေရတယ်။ နိုင်ငံအခြေအနေလည်း အရမ်းကွာတယ်။ စီးပွားရေးပမာဏကွာတယ်။ လူသားအရင်းအမြစ်ကွာတယ်။ သူတို့ရဲ့ ငွေရေးကြေးရေးစနစ်က အလုံးစုံဖွံ့ဖြိုးနေပြီ။ ကျွန်တော်တို့ဆီက စတုန်းပဲ ရှိသေးတယ်။ ၂၀၁၃ခုနှစ်မှ ဗဟိုဘဏ်ဥပဒေက ထွက်တယ်။ ဘဏှာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်နဲ့ကို “လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်း” ဖြစ်အောင် ကြိုးစားနေရဆဲပါ။ နောက်တစ်ချက်က သူတို့ဆီမှာ သတင်းအချက်အလက်က အဆင်သင့် ရှိတယ်။ ဒါတောင်၂၀၀၈ဘဏှာရေးအကျပ်အတည်းဖြစ်တဲ့အခါ အမေရိကန်ပြည်ထောင်စုမှာ အချက်အလက်မလုံလောက်တာကို သွားတွေ့ရတယ်။ အဲဒီ ၂၀၀၈ပြဿနာ ဖြေရှင်းပုံကိုတော့ အရင်တစ်ပတ်ကျော်က ရေးခဲ့တဲ့ ဒဏ်ခံနိုင်စွမ်း စစ်ဆေးချက် စာအုပ်အညွှန်းမှာ ဖတ်နိုင်တယ်။
“တစ်ဦးချင်း ကိုယ်ကျင့်သိက္ခာနေရာမှာ အစိုးရ စည်းကြပ်မှုက အစားမ၀င်နိုင်ဘူး” လို့ Greenspan ကပြောတယ်။ ‘government regulation cannot substitute for individual integrity’။ အစိုးရ ဘယ်လောက် စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းသိမ်းထိန်းသိမ်း၊ တစ်ဦးချင်းကိုယ်ကျင့်သိက္ခာမကောင်းရင် မရဘူးလို့ ဆိုလိုတာ။ ဒါက အမေရိကန်ပြည်ထောင်စုလို တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ၊ အစိုးရယန္တရား စွမ်းဆောင်ရည်မြင့်တဲ့နိုင်ငံ၊ ချမ်းသာတဲ့နိုင်ငံမှာ အစိုးရ စည်းကြပ်သူ အဖြစ် နှစ်နှစ်ဆယ်လောက် လုပ်လာသူ ပြောတဲ့စကား။ ဒါဆို မြန်မာလို နိုင်ငံမှာရော ဘာကို အလေးထားသင့်သလဲ ကျွန်တော် တွေးမိတယ်။
ဒီစာအုပ်ထဲမှာ ကျွန်တော်ကြိုက်လွန်းလို့ လိုင်း၂ခါလောက် တားထားတဲ့ စကားတစ်ခွန်းက Greenspan ပြောတာမဟုတ် သမ္မတရေဂင့်စကား။ ရေဂင့်စကားကို Greenspan က ပြန်ကိုးကားထားတာ။ စီးပွားရေးကျတာလား၊ ပျက်တာလား စကားလုံးတွေ အငြင်းပွားနေချိန်မှာ ပြောခဲ့တယ်။ လက်ရှိသမ္မတဂျင်မီကာတာကို ရေဂင်က အပြတ်အသတ်နိုင်ပြီး သမ္မတဖြစ်မလာခင် ရေဂင်ရဲ့ မဲဆွယ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောခဲ့တဲ့စကား။ ကာတာလက်ထက်မှာ စီးပွားရေးက ထိနေတယ်။ နိုင်ငံ့စီးပွားရေးအခြေအနေကို တိုင်းတာရာမှာ အလုပ် job တွေ ဘယ်လောက်ဆုံးရှုံးသလဲ၊ တိုးတက်သလဲနဲ့ တိုင်းတာတဲ့ အလေ့အထနဲ့လည်း ချိတ်ပြီး ပြောလိုက်တာ။ ဟာသပါသလောက် တာသွားတဲ့ စကား။
'A recession is when your neighbor loses his job. A depression is when you lose yours. And recovery is when Jimmy Carter loses his.'
“ခင်ဗျား အိမ်နီးချင်း အလုပ်ပြုတ်တဲ့အခါ စီးပွားရေးကျတယ်ခေါ်တယ်။ ခင်ဗျား အလုပ်ပြုတ်ချိန်က စီးပွားပျက်ကပ်ပဲ။ ဂျင်မီကာတာ အလုပ်ပြုတ်ချိန် စီးပွားရေးပြန်အတက်လို့မှတ်”အောင်မြင်ပါစေ မြန်မာပြည်။
Photo Credit Google