လောကကြီးမှာ အသက် ၁၀၀ မနေရ၊ အမှု ၁၀၀ ပွေရပါတယ်။
ခရီးဝေးစီးရမှာဖြစ်လို့ ဘတ်စ်ကားကို ဂိတ်ရင်းမှာ လာစီးတယ်။ ဒါမှ ထိုင်ခုံရမှာလေ။ လေတိုးတဲ့ ပြတင်းပေါက် ဘေးမှာ နေရာယူပြီး စာအုပ်လေးတစ်အုပ်ဖွင့် ဖတ်နေလိုက်တယ်။ ဒရိုင်ဘာနဲ့ စပယ်ယာက ထမင်းဆိုင်မှာ ထမင်းစားနေကြတုန်း။ ဘာဖြစ်ဖြစ် နေရာရထားပြီ။ ထွက်ချင်တဲ့ အချိန်မှထွက်။
လူတွေက တစ်ဦးပြီးတစ်ဦးတက်လာကြတယ်။ ကားပေါ်မှာ ထိုင်ခုံပြည့်သလောက်။ မထွက်သေးဘူးလား ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ ဂိတ်ကလွှတ်မှ မလွှတ်သေးတာတဲ့။
အဲဒီအချိန်မှာ ကောင်မလေးတစ်ယောက် ကျွန်တော့်ဘေးနားက လွတ်နေတဲ့နေရာ ဝင်ထိုင်လိုက်တယ်။ သူ့ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်။ ချစ်စရာလေး။ ကျွန်တော်က ကလေးချစ်တတ်တော့ ကလေး လေးကို ပြုံးပြပြီးတော့ မြှူလိုက်တယ်။ ကလေးက သဘောကျပြီး ပြန်ရယ်ပြတယ်။ အို … ချစ်စရာ ကောင်းလိုက်တာ။
“ဘဘ … သမီး အောက်ခဏဆင်းချင်လို့ ကလေး ခဏလောက် ခေါ်ပေးထားပါလား”
“သြော် … အေး … ပေး … ပေး”
ကလေးလေးကလည်း ကျွန်တော်ခေါ်တာ လိုက်လာတယ်။ ပြုံးနေတာပဲ။ ကျွန်တော်က ကလေးကို စကားတွေ ပြော၊ သူကလည်း လိုက်ပြောတယ်။ အဲဒီအချိန်မှာ ဝီစီမှုတ်သံ ကြားလိုက်ရတယ်။ ကားထွက်တော့မယ်။ ကောင်မလေး ဘာဖြစ်လို့ တက်မလာသေးသလဲ။
“ဆွဲ ဆရာရေ”
“ဟ … ဟ … နေပါဦး … ဒီမှာ ကလေးအမေတစ်ယောက် ကျန်နေသေးတယ်”
“ဟိုးထားဆရာရေ … ဘယ်မှာလဲ … ကားထွက်တော့မယ် … ကလေးအမေ … ကလေးအမေ”
တက်မလာသေးဘူး။ ကျွန်တော် ကားအပြင်ဘက်ခေါင်းထွက် … ဟိုကြည့် သည်ကြည့်။ ဘယ်မှာမှလည်း မတွေ့။
“ဆရာကြီး … ကားထွက်တော့မယ် … ဘယ်မှာလဲ … ကလေးအမေ”
“ဟာ … ငါ့ကလေးမဟုတ်ဘူး။ ငါ့ကိုလည်း အပ်သွားတာ”
“ဒါဆိုလည်း ဆရာကြီး … ဆင်းနေခဲ့ပါလား … ကျွန်တော်တို့ ထွက်တော့မယ်”
ပြဿနာပဲ။ ဒုက္ခတော့များပြီ။ ကျွန်တော်လည်း ကားသမားနဲ့ အချင်းမများချင်။ လူတွေကလည်း စိတ်ပျက်သလို ပြောချင်လာတာကြောင့် လွယ်အိတ်ကိုလွယ်၊ ကလေးကိုပွေ့ပြီး ကားပေါ်က ဆင်းပေးလိုက်ရပါတော့တယ်။
ကောင်မလေး ဘာဖြစ်နေပြီလဲ။
ဟာ … ငါ့ဆီမှာ ကလေးကိုများ စွန့်ပစ်သွားတာလား။ ဒုက္ခ … ဘာလုပ်ရပါ့။ ဂိတ်နားက ဆိုင်တွေမှာ
“ပန်းရောင်ဝမ်းဆက်နဲ့ ကောင်မလေးတစ်ယောက် မတွေ့မိဘူးလား” လို့ လိုက်မေးနေတဲ့ လွယ်အိတ်ကြီး လွယ်ထားတဲ့ အူကြောင်ကြောင် ငနဲကြီးတစ်ယောက်၊ ကလေးတစ်ယောက်ပိုက်ထားတဲ့ပုံ ပြေးမြင်ကြည့်လိုက်။ ကလေးကလည်း သန္ဓေကောင်းလေး။ လက်ထဲမှာ အိပ်ပျော်လို့။ တစ်ချက် မငိုဘူး။
ကယ်တော်မူကြပါ။ ဘုရားကယ်ပါ။ သိကြားကယ်ပါ။ ကောင်မလေး ငါ့ကို ဘယ်လို လုပ်သွားပါလိမ့်။ ကားဂိတ် ဝါးကွပ်ပျစ်ပေါ်မှာ ကလေးကိုပွေ့ထားပြီးထိုင်ရင်းက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ အနားမှာ ကွမ်းယာရောင်း နေတဲ့ မိန်းမကြီးတစ်ယောက်ကို
“ဒီမှာ … ကျွန်တော့်ကို ကောင်မလေးတစ်ယောက်က ကလေးအပ်ထားပြီး ပြန်မလာဖြစ်နေလို့” ဆိုပြီး ပြောလိုက်ကာ အကူအညီတောင်းမိတယ်။ ကျွန်တော့်ကို မယုံသလိုကြည့်ပြီး
“ဟိုတစ်နေ့ကလည်း ဒီ ဂိတ်တဲမှာ ကလေးတစ်ယောက် လာစွန့်ပစ်ထားဖူးသေးတယ်”
သွားပြီ ကလေးလာပစ်တဲ့ကောင်များ ထင်နေသလားတော့မသိဘူး။ စောင့်ရင်းနဲ့ ချွေးတွေပြန်လာတယ်။ အဲဒီအချိန်မှာ ကလေးကလည်း လူးလွန့်လာပြီး သေးပေါက်ချလိုက်တယ်။ လုံခြည်မှာသေးတွေ စိုရွှဲ။ အောင်မယ်လေး … ကယ်တော်မူပါ။
“ဒါနဲ့ အဒေါ် ဒီနားမှာ ရဲစခန်းရှိသလား”
“ရှိပါ့ … ဒီတိုက်နှစ်လုံးတန်း အလွန်က ရဲစခန်းပဲ”
ဘာပြောပြော ကျွန်တော့်မှာ ရဲစခန်းကို သွားဖို့လိုပြီဆိုတာ သိလိုက်တယ်။ ကလေးတစ်ယောက်က တော်ကြာ ကိုယ့်ကိုယ်လာပြီး ဘာတွေဖြစ်မှန်းမသိ။ ရဲကိုတော့ အသိပေးရတော့မှာပဲ။
နေကလည်းပူတော့ ထီးလေးကိုဖွင့်။ ကလေးကို ပခုံးပေါ်မှောက်တင်။ ဂိတ်ထဲကနေ အပြင်ကို ထွက်မယ်အလုပ်
“ဘဘ … ဘဘ … သမီး ဒီမှာ … ကလေး … ကလေး”
အောင်မယ်လေး ကောင်မလေးက အမောတကောပြေးလာပါလား။
“နင်ဟယ် … ပြဿနာပဲ။ ဘယ်သွားနေတာလဲ။ ကားက ထွက်သွားပြီ။ ငါဆင်းနေလိုက်ရတယ်။ ဘယ်လိုဖြစ်တာလဲ”
“ဟီး … ဟီး … ဘဘရယ် … သမီး ကားပေါ်ရောက်မှ အိမ်သာတက်ချင်လာတာ မအောင့် နိုင်တော့ဘူး။ အိမ်သာရှာရင်းနဲ့ အဲဒါ ဈေးအိမ်သာအထိ ပြေးလိုက်ရတာ။ ကားမထွက်လောက်သေးဘူးထင်လို့”
ဟူး … ရူးတောင် ရူးချင်တယ်။ သူကတော့ ဟီးဟီး။ ဒီမှာတော့ တွေးလိုက်ရ၊ ပူလိုက်ရ။
“ကျေးဇူးပါပဲ ဘဘရယ်။ လာ … လာ … သမီးလေးလာ … အို ဘဘအပေါ် ရှူးရှူးတွေပေါက်ချထားသလား။ အားနာလိုက်တာ ဘဘရယ်”
“မယ်မင်းကြီးမရယ် … နင်ပြန်လာတာကိုပဲ ငါက ကျေးဇူးတင်ပါတယ်”
အဲဒီအချိန်မှာ ကားတစ်စီးက ဂိတ်ထိုးလာ။ ဒီတစ်ခါတော့ ဒရိုင်ဘာဘေးနားမှာ ၅၀၀ ပေးပြီး သွားထိုင်နေလိုက်ပါ တယ်ဗျာ။
လောကကြီးများ အသက် ၁၀၀ နေချင်မှ နေရမှာ။ အမှုကတော့ အပြင်တစ်ခါထွက် တစ်ခါ။ ကယ်တော်မူပါ။