ရှေးခေတ်စစ်ပွဲတွေမှာ အရေးပါတဲ့ ဓားရှည်
ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ ရှေးခေတ်တိုက်ပွဲတွေမှာ အသုံးပြုလေ့ရှိတဲ့ ဓားရှည်အကြောင်း တင်ပြချင်ပါတယ်။
ဓားရှည်ကို အင်္ဂလိပ်လို sword လို့ခေါ်ဝေါ်ကြလေ့ရှိပြီး ဓားမြောင်တွေ၊ ဓားမတွေထက်ပိုမိုရှည်လျားတဲ့ ဓားအမျိုးအစားဖြစ်ပါတယ်။ ဓားရှည်တွေကို ရှည်လျားတဲ့ဓားသွားနဲ့ ဓားရိုးတို့ကို အသုံးပြု ပြုလုပ်ထားပါတယ်။ ပထမဆုံးဓားရှည်လို့ ပြောဆိုရမယ့် လက်နက်ကို ၃၃ဝဝ ဘီစီဝန်းကျင်ကာလမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ ဒီဓားကို တူရကီနိုင်ငံမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကြေးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရှည် ၂၄ လက်မလောက်ရှိပါတယ်။ တချို့ဓားတွေကို ငွေရောင်ခြယ်ပြီး ထပ်မံမွမ်းမံခဲ့ကြပါတယ်။ ဓားရှည်တွေဟာ ရှေးခေတ်ထဲက ဓားမနဲ့ ဓားမြောင်တို့ကို အမှီပြုပြီး ပေါ်ပေါက်လာတယ်လို့ ဆိုကြပါတယ်။
ဓားမနဲ့ ဓားမြောင်တွေက တိုတာချည်းတူညီပေမယ့် မတူညီတဲ့အချက်တွေရှိပါတယ်။ ဓားမက လှီးဖြတ်နိုင်တဲ့မျက်နှာပြင် တစ်ခြမ်းသာ ပါရှိပြီး ဓားမြောင်ကတော့ မျက်နှာပြင် ၂ ဖက်စလုံးနဲ့ လှီးဖြတ်ပြီး ခုတ်ထစ်နိုင်ပါတယ်။ ၃ဝဝဝ ဘီစီလောက်တည်းက ရှည်လျားတဲ့ဓားတွေကို ပြုလုပ်ခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသမှာ အသုံးပြုခဲ့ကြပါတယ်။ အဲဒီအချိန်ကတော့ ကြေးနီတွေနဲ့ ပြုလုပ်ခဲ့ကြပြီး ကြေးခေတ်အစောပိုင်းမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကြေးခေတ်နောက်ပိုင်းကာလအထိ ဓားရှည်တွေရဲ့ အရှည်က ၂၄ လက်မရှိခဲ့ပါတယ်။ သံခေတ်မှာတော့ သံတွေအသုံးပြုမှု တိုးတက်လာတဲ့အတွက် ဓားရှည်ထုတ်လုပ်မှု ပြန်ဖွံ့ဖြိုးလာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ခွန်အားနဲ့ တင်းမာခြင်းတွေ ပေးစွမ်းနိုင်တဲ့ ဓားရှည်တွေကို ထုတ်လုပ်လာခဲ့ကြပါတယ်။ ဓားရှည်တွေဟာ ရိုမန်၊ ပါရှားနဲ့ တရုတ်ဒေသတွေမှာ အသုံးပြုမှုများပြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဥရောပ၊ အနောက်အာရှ၊ အရှေ့အာရှ၊ မြောက်အာရှ၊ တောင်အာရှအစရှိတဲ့ အာရှဒေသတွေဆီကိုပါ ပျံ့နှံ့ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဆာမူရိုင်းတွေက အဓိက အသုံးပြုခဲ့ကြသလို စစ်သားတွေ၊ တပ်မှူးတွေရဲ့ အဓိက လက်နက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဓားရှည်တွေကို ဒီကနေ့ကာလ စစ်ပွဲတွေမှာ အဓိကကျတဲ့လက်နက်အဖြစ် အသုံးမပြုကြတော့ပေမယ့် ရှေးကာလက အရေးပါတဲ့ စစ်လက်နက်ပစ္စည်းတစ်ခုဖြစ်ခဲ့ပါတယ်။