မိုးအေးတဲ့အချိန်မှာ စွပ်ပြုတ် ပူပူလေး တစ်ခွက်လောက်ကို သောက်လိုက်ရရင် တကယ့်ကို အရသာရှိလှပါတယ် စွပ်ပြုတ်က လူကို ခွန်အားဖြစ်စေတယ်လေ ကြက်သားကို စွပ်ပြုတ်လုပ်သောက်တာက အင်မတန်မှလွယ်ကူပါတယ် စွပ်ပြုတ်က ကျန်းမာကို အထောက်အကူပြုစေသလိုဘဲ အသားအရေလှပစေအောင်လည်း အထောက်အပံ့တွေ ပေးနိုင်ပါတယ် အိမ်မှာအလွယ်တကူဘဲ လုပ်သောက်နိုင်ရန် လိုအပ်တာလေးတွေကို မှတ်သားထားလိုက်ပါတယ် အချိန်အားတဲ့အခါ စိတ်ကူးတည့်တဲ့အခါမှာ လုပ်သောက်နိုင်အောင်ပေါ့
ပါဝင်တဲ့အရာတွေကတော့ အိမ်မှာ အလွယ်တကူရနိုင်တာတွေပါဘဲ
အစိတ်သားလောက်ရှိတဲ့ ကြက်သားရယ် နောက်တစ်ခုက ကြက်သွန်ဖြူရယ်
ဂျင်းရယ် ကြက်သွန်နီရယ် ငရုတ်ကောင်းမှုန့်ရယ် ဒါဆို အတော်ပြည့်စုံပါပြီ
အော် မေ့လို့ နောက်ထပ်လိုတာက မုန်လာဉလေးပါ ထည့်ပြုတ်လိုက်ရပါမယ်
အချိုးအစားကတော့ အတိအကျ မမှတ်တော့ပါဘူး ကိုယ်ချက်ပြုတ်မယ် ပမာဏပေါ်မူတည်ပြီး သင့်သလို လိုတိုးပိုလျှော့ ထည့်တာကောင်းပါတယ်
ကြက်သားကို အရသာမှုန့်လေးနဲ့ အရင်နယ်ထားမယ် ကြက်သွန်ဖြူနီဂျင်းတွေကို ထောင်းပြီး ဆီလေးနဲ့ သပ်ထားမယ် မွှေးလာတဲ့အခါကျမှ ကြက်သားကို ထည့်မယ် ပြီးရင်တော့ ရေအနည်းငယ်ထည့်မယ် မုန်လာဉတွေလည်းထည့်မယ် အားလုံးစုံရင်တော့ အဖုံးအုပ်ပြီး အချိ်ကြာကြာလေး ပြုတ်ထားလိုက်တော့တယ်
နာရီဝက်လောက်ကြာရင်တော့ အရသာအပေါ့အငံ လိုအပ်တာလေးတွေ ဖြည့်စွက်ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူးလို့ အရသာရှိစွာ သုံးဆောင်နိုင်ပြီဖြစ်ပါတယ် ကျန်းမာရေးနဲ့လည်းညီ အဟာရလည်းဖြစ် အကုန်အကျလည်းသက်သာတဲ့ စွပ်ပြုတ်ပူပူလေးကိုသောက်ရင်း မိုးအေးအေးနဲ့ အိမ်မှာ နွေးနွေးထွေးထွေးလေး အနားယူလိုက်ကြရအောင်ပါ