ခရမ်းချဉ်သီးတွေကပေါတော့ ယိုထိုးစားချင်သည်။
ဒီတော့ အွန်လိုင်းမှာ ခရမ်းချဉ်သီးယိုထိုးနည်း
ရှာကြည့်သည်။ တွေ့ပါပြီ ခရမ်းချဉ်သီး တပိဿာကို
သကြားနှစ်ဆယ်သား၊ ဆားလက်ဖက်ရည်ဇွန်ဝက်
ထဲ့ကြို၍ပြုလုပ်ရမည်။ ဆိုတော့ ခရမ်းချဉ်သီး
တပိဿာဝယ်ခဲ့သည်။
ခရမ်းချဉ်သီးများကို နီရဲမှည့်သည့်အလုံးများ
ရွေးလိုက်သည်။ ခရမ်းချဉ် ငါးဆယ်သားကို
ရေဆေး၍ လေးစိတ်ဖြစ်အောင် ဓားဖြင့်ခွဲသည်။
အတွင်းမှ ခရမ်းချဉ်စေ့များကို ဖယ်လိုက်သည်။
ကွမ်းစားထုံးအနည်ငယ်ကို ယူ၍ ရေဖြင့်မွှေကာ
ခရမ်းချဉ်စိတ်များကို ထုံးရေစိမ်လိုက်သည်။
ငါးနာရီခန့် ထုံးရေစိမ် ခရမ်းချဉ်သီးများကို
ရေစင်အောင်ဆေးသည်။ ရေဆေးဆယ်ယူ
ထားလိုက်သည့် ခရမ်းချဉ်သီးအတွင်းမှ
ကျန်နေသည့် အစေ့များကို ထပ်မံဖယ်ရှားသည်။
သကြားတစ်ဆယ်သားနှင့် ဆားအနည်းငယ်ကို
ကော်ဖီတခွက်စာ ရေဖြင့် ကြိုလိုက်သည်။
သကြားအရည်ပျော်သည့်အခါ
ထိုရေကို အနယ်မပါအောင် စစ်လိုက်သည်။
စစ်ထားသည့် သကြားရေနှင့် ထုံးရေစိမ်ထားသည့်
ခရမ်းချဉ်သီးများကို ဒယ်အိုးဖြင့် ရေခမ်းအောင်
ကြိုသည်။ ရေခမ်းသွားသည့် ခရမ်းချဉ်
ဖတ်များကို နေလှန်းရန် ဗန်းအတွင်းထည့်
လိုက်သည်။ သူတို့ရေးထားသည်က ခြောက်ရက်၊
ခုနှစ်ရက် နေလှန်းရမည်ဖြစ်သည်။
နေလှန်းရင်း မြည့်ကြည့်တော့ ဆားများ၍
အငန်ပိုနေသည်။ ကျုပ်ရဲ့ ခရမ်းချဉ်ယိုက
နေလှန်းတာ တရက်သာ ရှိသေး နှိုက်မြည်းတာနှင့်
ငါးရက်၊ ခြောက်ရက်ထိ ရောက်ပါအုံးမလား
မသိတော့ပါ။ အမြည်းနှင့် အားပေးကြမ်းချက်က
ခရမ်းချဉ်သီးယို မဖြစ်မှီ ကုန်တော့မည်ဖြစ်ပေသည်။