ကျွန်တော့်အမေက ဇွတ် သမားဟုပြောရမလား။
အသက်ကိုးဆယ်ကျော်အရွယ်မှာပင် သူလုပ်ချင်တာကို
ဇွတ်လုပ်သူမို့ ထိုသို့ပြောရလေသည်။ ယနေ့
မိုးအုံ့သည် မိုးတိမ်များရှိသည်။ အအေးဓာတ်လေး
အနည်းငယ်ရှိသည်။ ထိုကြောင့် အမေ ရေချိုးရင်
အေးမလားဟု ကိုယ်တွေက တွေးမိသည်။
ကိုယ်တွေက အေးမလားဟု တွေးတုန်း
အမေက ခေါင်းရိတ်ချင်သည်ဟု ပြောသည်။
ဟာ အမေကလည်း မိုးအုံ့နေတာ အေးပါဘိနဲ့
နောက်နေ့ နေပူမှ ခေါင်းရိတ်ပါဟု ပြောသည်။
နိုး မရပါ အမေက ကျွန်တော့်အမကို လှမ်း၍
အော်ပြောလေသည်။ ငါ ကတုံး တုံးမှာနော်။
အမကလည်း ချော့ပြောသည်။ အမေရယ်
နောက်ရက်မှ တုံးပါလား။ ခု မိုးအေးနေလို့။
မည်သို့မျှ ပြောမရသောကြောင့် မိုးအုံ့ မိုးတိမ်းမဲ
များအောက်မှာ အမေက ကတုံး တုံးချေသည်။
အတော်ခေါင်းမာသော အမေပါလေ။
အမေ ကတုံးမတုံးနဲ့ ခေါင်းလျှော်ပေးမယ်။
အမေ့ခေါင်းကို ရှယ်လျှော်ပြီး ရှယ်နှိပ်ပေးမယ်
စသဖြင့် မည်သို့ပြောပြော အမေကတော့
ခေါင်းရိတ်ပြီးပါလေသည်။
အမေနဲ့ အမ ခေါင်းရိတ်နေစဉ် နေ့လယ်စာအတွက်
ငါးဟင်းချက်၊ ပဲပြုတ်ကြော်နှင့် ငံပြာရည်ချက်
ကို စားဖို့ ပြင်ဆင်သည်။ ငံပြာရည်ချက်နဲ့ တို့စရာ
က အိမ်မှ သရက်သီးစိမ်းများကို ခူး၍ တို့စရာ
ရှိသည်။ အရွက်အတွက် ကန်စွန်းရွက်များခူးသည်။
ကတက်ရွက်များ ခူးသည်။ တရုတ်စကားပွင့်ဖြူဖြူ
များနှင့် အဖူးအချို့ကို ခူးကာ ပြုတ်တို့သည်။
တရုတ်စကားပွင့် အတို့က အနည်းငယ်ခါးသက်သက်
အရသာရှိသည်။ ကတက်ရွက်ပြုတ်ကလည်း
အနည်းငယ် ခါးသည်။ ကန်စွန်းရွက်ကတော့
မည်သို့မျှ အရသာမရှိပေ အရွက်ပြုတ်စားသည်ဟု
သာ။ သရက်သီးတို့ကတော့ လတ်လတ်ဆတ်ဆတ်မို့
ကြွပ်ပြီးမာကာ စားလို့ကောင်းသည်။ အမေ့ကို
ခေါင်းရိတ်ပြီး ရေချိုးပေးကာ ထမင်းခူးကျွေးသည်။
အမေနဲ့ ကျွန်တော်တို့ ဝိုင်းဖွဲ့ပြီးစားကြသည်။
အမေက စိန်တလုံး သရက်သီးဖြင့် ထမင်းစား
သည်။ အမေက ဆီးချိုရှိပေသိ စိန်တလုံးသရက်သီးကို
အသည်းစွဲသူဖြစ်ပေသည်။
အမေက ထမင်းစားနေရင်း သူပန်ကန်ထဲမှ ထမင်းနဲ့
သရက်သီးများကို ကြက်မသားအမိကို ချကျွေး
သည်။ ကြက်သားအမိကလည်း သူရို့ကို ကျွေးနေ
ကျဖြစ်သမို့ ကျွန်တော်တို့ ထမင်းစားသည့်အခါ
ဇွန်းသံ၊ ပန်ကန်သံကြားပါက ရောက်ရာ အရပ်မှ
ပေါက်ချလာတတ်သည်။ ကြက်ပေါက်စလေးက
အတောင်အလက်အတော်စုံနေပေသည်။ မိခင်
ကြက်မကြီး ပြုလုပ်သကဲ့သို့ လိုက်လံအတုခိုး
ပြုလုပ်သည်။ အမေနဲ့ ကြက်မသားအမိက
တဖွဲ့၊ ကျွန်တော်တို့ကတဖွဲ့ ထမင်းစားနေကြသည်မှာ
ကိုယ့်အဖွဲ့နဲ့ကိုယ် အတော်ဟုတ်နေကြပေတော့သည်။