မင်္ဂလာရှိသော မနက်ခင်းပါ ဒီနေ့အတွက် မနက်စာကို တောင်ကြီးမြီးရှည်လေး လုပ်စားဖြစ်ပါတယ် ။ မြီးရှည်လို့ပြောလိုက်ရင် မန်းလေးမြီးရှည်ကို ပြေးမြင်ကြမယ်ထင်ပါတယ် ။ အိမ်ကဦးလေး ပြောနေကျ စကားတစ်ခွန်းရှိပါသေးတယ် ။ တောင်ကြီးမြီးရှည်ဆိုရင် ပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်သားပြုတ်နဲ့ အသုံးပြုတဲ့ အသုံးပြုတဲ့ ဆော့စ် က အရေးအကြီးဆုံးပါပဲတဲ့ ။ ဟုတ်ပါတယ် ဒီ ပါဝင်ပစ္စည်းနှစ်ခုမကောင်းရင် တောင်ကြီး မြီးရှည် စစ်စစ်မရနိုင်ပါဘူး ။
အသုံးပြုတဲ့ခေါက်ဆွဲကလဲ တရုတ်မြီးရှည်ကိုပဲ အသုံးပြုရပါတယ် ။ နန်းကြီးသုပ်တွေမှာ အသုံးပြုတဲ့ မြီးရှည်ဟာ ကြာကြာပြုတ်ရတာရယ် ပြုတ်တဲ့ချိန် အနံ့ထွက်တဲ့ အတွက် သုံးလို့တော့ ရပေမဲ့ မသုံးကြတာများပါတယ် ။ မြီးရှည်ကို ရေနွေးပူပူထဲ ခေတ္တခန ပြုတ်ပြီးပါက ဆယ်ယူကာ ဇကာဖြစ်စေ အဆင်ပြေရာအိုးခွက်ထဲဖြစ်စေ ထားထားရပါတယ် ။
အိမ်မှာတော့ ပန်းကန်လုံးတွေက တန်းစီထားပီး ပြုတ်ပြီးသားမြီးရှည်ကို ညီတူညီမျှအရင်ခွဲရပါတယ် ။ အိမ်မာလူကများတော့ မလောက်မငှဖြစ်မှာ စိုးတဲ့အတွက်ပါ ။ မြီးရှည်ကို ပန်းကန်လုံးထဲ အစီအရီ ထည့်ပြီးရင်တော့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ထည့်ရမာပါ ။
အရင်ဆုံး ကြက်သွန်နီဆီချက် နဲ့ ပဲငံပြာရည်ကို ထည့်ပါတယ် ။ ရှမ်းခေါက်ဆွဲ ရေစိမ်ခေါက်ဆွဲ မှာထည့်တဲ့ ကြက်သားခရမ်းချဉ်သီးအနှစ်ကို လုံးဝအသုံးပြုလို့မရပါ ။ ဒီတစ်ခုတော့ သတိပြုရပါမယ်နော် ။ မြီးရှည်မှာတော့ သေချာလေးနူးအောင်ပေါင်းထားတဲ့ကြက်သားကို အသားနွှာပြီး ပြင်ဆင်ထားရပါတယ် ။ သေချာနွှာထားတဲ့ ကြက်သားမွက ထည့်ရမယ့် ပါဝင်ပစ္စည်း နံပါတ်သုံးပါ ။
နောက်တစ်ခုကတော့ ဆော့စ်ပါ ။ ဆော့စ်ကို tomato sauce တို့ chili sauce တို့ သုံးလို့မရပါဘူးရှင့် ။ မြန်မာ ငရုတ်ဆီ ကိုသာ အသုံးပြုမာပါ ။ အိမ်မာတော့ ကျေးနှစ်ကောင် ငရုတ်စီကို သုံးပါတယ် ။
ငရုတ်စီ ထဲ့ပြီးရင် မြေပဲထောင်း၊ ပါးပါးလေးလှီးထားတဲ့ ဂျင်း၊ နံနံပင်၊ ကြက်သွန်မြိတ် ၊ ဆား ၊ ချိုမှုန့် စတဲ့ ပါဝင်ပစ္စည်းတွေကို ထဲ့ပါတယ် ။ အစပ်ကြိုက်ရင် ငရုတ်သီးဆီချက် အနည်းငယ် ထဲ့ပြီး နောက်ဆုံး ငရုတ်ကောင်းလေး ဖြူးလိုက်ရင် စားကောင်းတဲ့ တောင်ကြီးမြီးရှည် လေးရပါပြီ ။
သေချာလေးရောသမအောင် မွှေပြီး အခါးရည်ပူပူလေးတစ်ခွက်နဲ့ ဇိမ်ကျကျ စားပါ ။ အိမ်မာတော့ ဝက်ခေါက်ကြော်၊ ငရုတ်သီးချဉ်၊ တရုတ် ကြက်သွန်ချဉ်နဲ့ တွဲစားပါတယ် ။
အိမ်မှာ ခေါက်ဆွဲတွေလုပ်စားရင် အမြဲတမ်း ဝက်ခေါက်ကြော်ကို လူအရေအတွက်နဲ့ ဝယ်ပါတယ် ။ တစ်ယောက်ကိုတစ်ထုတ်နှုန်း နဲ့ စားမဲ့ မနက်မှာ ဈေးသွားပြီး ဝယ်ပါတယ် ။ ဝက်ခေါက်ကြော်ထုတ်လေးတွေက ဆီဂျီးနံ့ နံလွယ်ပြီးကြာကြာအထားမခံလို့ပါ ။ စျေးနဲ့အိမ်နဲ့လဲ နီးတဲ့အတွက် သွားရလာရ အချိန်မကြာလို့ပါ ။
တောင်ကြီးမြီးရှည်လေးကို စားဖူးကြမယ်လို့ မျှော်လင့်ပါတယ် ။ တောင်ကြီးကို လာလည်ဖြစ်ခဲ့ရင် နာမည်ကြီး တောင်ခြေမြီးရှည်နဲ့ဖက်ထုပ်ကြော် ဆိုင်မာ တောင်ကြီးမြီးရှည်ကို မြည်းစမ်း ကြည့်နိုင်ပါတယ် ။ တောင်ကြီးရောက်ဖြစ်ရင် မဖြစ်မနေ မနက်စာလေးအနေနဲ့ စားသွားဖို့ အကြံပြုလိုက်ပါတယ်နော် ။ ဝက်သားစားတဲ့ သူတွေအတွက် တောင်ခြေမြီးရှည်ဆိုင်လေးကို ညွှန်းပေးလိုက်ပါတယ်ရှင့် ။
သာယာတဲ့နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေ ။