လက်ဖက်သုပ်သည် မြန်မာ့ယဉ်ကျေးမှု အစားအစာတစ်ခုဖြစ်ရုံသာမက ဧည့်သည်လာလျှင်လည်း ဧည့်ခံသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ရှေးယခင်ကတည်းက ယခုအချိန်ထိ မြန်မာလူမျိုးများသည် လက်ဖက်ကိုနှစ်ကြိုက်စွာ စားသုံးခဲ့ကြပါသည်။ လက်ဖက်ကိုအမျိုးမျိုးသုပ်စားကြပါသည်။ နေထိုင်ရာမြို့ ပတ်ဝန်းကျင်အလိုက် တစ်နေရာနှင့် တစ်နေရာ လက်ဖက်သုပ်စားပုံချင်း မတူညီကြပါ။
လူကြီးသူမများသည် လက်ဖက်ကို လူကြီးနှပ် နှပ်စားကြပါသည်။ လူကြီးနှပ်ဆိုသည်မှာ လက်ဖက်အညွှန့်ကို ဆီ၊ ဆားထည့်ပြီးနှပ်စားရပါသည်။ အဲလိုနှပ်ထားသောလက်ဖက်ကိုစားလျှင် ခံတွင်းကောင်းသည်ဟု လူကြီးများကပြောကြပါသည်။ ကျွန်မတို့လို လူငယ်များကတော့ လူကြီးနှပ်ကိုသိပ်မကြိုက်ကြပါ။ လက်ဖက်ကိုငရုတ်သီး၊ သံပုရာသီး၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆားထည့်ပြီး ချဉ်ငံစပ်နှပ်ထားသည့် လက်ဖက်နှပ်ကိုပိုကြိုက်ကြပါသည်။
လက်ဖက်ကို ဘုရားပွဲများတွင်လည်း ဧည့်ခံကျွေးမွေးကြပါသည်။ ကျွန်မတို့ငယ်ငယ်က ရပ်ကွက်ဘုရားပွဲများတွင် ရပ်ကွက်အတွင်းရှိအိမ်များက ကြာဇံဟင်းခါး၊ အာပူလျှာပူများ ကျွေးကြပြီး အချိုပွဲအနေဖြင့် လက်ဖက်နှင့်အကြော်စုံ၊ ဇီးဖြူသီးနှင့်ငပိကြော်၊ ဆနွင်းမကင်း၊ ကျောက်ကျော စသည်ဖြင့် မုန့်မျိုးစုံဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ သူငယ်ချင်းများစုံ၍ လက်ဖက်သုပ် သုပ်စားကြပြီး စာကျက်ကြ၊ စကားပြောကြရသည်မှာ အလွန်ပျော်စရာကောင်းလှပါသည်။
ကျွန်မရှေ့ကပြောခဲ့သလိုပါပဲ လက်ဖက်သုပ်ရာတွင် တစ်မြို့နှင့်တစ်မြို့မတူညီကြပါ။ လက်ဖက်သုပ်ထဲတွင် ပြောင်းဖူး၊ ဂေါ်ဖီ၊ ကြက်သွန်နီ အမျိုးမျိုးထည့်သုပ်စားကြပါသည်။ ယခုကျွန်မသုပ်ထားသောလက်ဖက်မှာ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူတို့ဖြင့် ချဉ်ငံစပ်သုပ်ထားသော လက်ဖက်သုပ်ပဲ ဖြစ်ပါသည်။ လက်ဖက်သုပ်ကို ရေနွေးလေးနှင့်တွဲဖက်စားရသည်မှာ အင်မတန်လိုက်ဖက်ပါသည်။
27-12-2021