သီတင်းကျွတ်ပြီ ဖြစ်၏။ မိုးလေ ကင်းလွတ် သီတင်းကျွတ်ဟု ဆိုသော်လည်း ကျနော်တို့မြို့မှာတော့ ခုထိ မိုးလေ မပြတ်သေး။ တခါတလေ တန်ဆောင်ထိလည်း မိုးရွာနေလေ့ ရှိ၏။ ယခု နောက်ပိုင်း နှစ်များတွင် ထိုသို့ ဖြစ်နေသည်မှာ အတော်များလာ၏။ သင်္ကြန်တွင်းကြီးလည်း မိုးရွာလို့ ရွာနေတတ်ပြန်၏။ အခါကြီး ရက်ကြီးတိုင်း ထိုသို့ ဖြစ်နေသည်မှာ ယခု နောက်ပိုင်း နှစ်များတွင် တော်တော်လေး စိတ်လာ၏။ ဖောက်ပြန်လာသော ရာသီဥတု ကြောင့်ဟု ဆိုရပေမည်။ ရာသီဥတုများ ဖောက်ပြန်ရခြင်းမှာလည်း လူသားများကြောင့်ပင် ဖြစ်၏။
လပြည့်နေ့ကတည်းက ရွာသော မိုးသည် ယနေ့အထိ မတိတ်သေးပေ။ နေ့စဉ် တစိမ့်စိမ့်နှင့် ရွာနေတော့၏။ ရိုးရိုး မရွာပေ။ လေအေးများကလည်း တိုက်သေး၏။ အေးလွန်းလှ၏။ မနေ့ကလည်း ညနေ တပိုင်းလုံး မိုးရွာ၏။ ညဖက် (၇) နာရီ ဘောလုံး ကန်ဖို့ ရှိ၏။ ဒီမိုးနှင့်ဆို ခက်ပြီ။ ကျနော်တို့ ကန်နေကြ Fustal ကွင်းက အမိုးပါတော့ တော်သေး၏။ ညနေစောင်းလောက်မှာ ကွင်းက phone ဆက်ပြီး မေးသေး၏။ မိုးတွေ ရွာနေလို့ ကျနော်တို့ လာမှာ လားပေါ့။ လာမည် ဟု အကြောင်းပြန်လိုက်၏။ ညနေ (၆) နာရီခွဲကျော်တော့ သူငယ်ချင်းများက Phone ဆက်လာ၏။ မိုးတွေ ရွာနေလို့ လာခေါ်ရမလားပေါ့။ ဘောလုံးကန်ပြီး တပါတည်း ရေချိုးမည် ဖြစ်သဖြင့် ကျနော့်အား စောင့်နေရမည်ကို စိုးသောကြောင့် ကိုယ့်ကို လာမည် ဖြစ်ကြောင်း ပြန်ပြောရ၏။
မနက်ပိုင်း ကန်လျှင်တော့ အိမ်ပြန်ရောက်မှ ချိုး၏။ ညပိုင်း ကန်လျှင်တော့ ကွင်းမှာပင် တပါတည်း ချိုး၏။ အိမ်ပြန်ရောက်မှ ဆိုလျှင် လမ်းမှာ အေးသွားပြီး ရေချိုးချင်စိတ် မရှိတော့ပေ။ ချွေးတရွှဲရွှဲနှင့် ဆိုတော့လည်း ရေက မချိုးပဲလည်း မနေနိုင်ပေ။ ညနေပိုင်း ကတည်းက ရွာနေသော မိုးသည် ကျနော်တို့ ဘောလုံးကန်ပြီးသည့် ည (၉) နာရီထိ ရွာနေသေး၏။ ဘောလုံးကွင်းစောင့် ညီလေးများက ကျနော့်အား အကို ရေချိုးဦးမှာလားဟု မေး၏။ ကျနော် အသာ ခေါင်းညိတ်ပြတော့ ပါးစပ်အဟောင်းသားလေးတွေနှင့် ကြည့်နေကြ၏။ သူတို့က စောင်ကြီးတွေ ခြုံလို့။
အမှန်တကယ်တော့ ရာသီဥတုက အေး၏။ သို့သော် ကျနော်က လှုပ်လှုပ်ရှားရှား လုပ်ထားသူ ဖြစ်သဖြင့် သိပ်မသိသာ ခြင်း ဖြစ်၏။ သူငယ်ချင်းတွေကတော့ ကိုယ်စီ ပြန်ကုန်ကြပြီ ဖြစ်၏။ ကျနော်လည်း ချွေးတိတ်အောင် စောင့်နေပြီးမှ ခပ်မြန်မြန်လေး ရေချိုးလိုက်၏။ ရေချိုးပြီးတော့ ည (၉) နာရီပင် ခွဲခါနီးနေပြီ ဖြစ်၏။ phone ထုတ်ကြည့်လိုက်တော့ miss call တွေ (၆) call လောက် ရှိ၏။ သူငယ်ချင်းများ ခေါ်ထားခြင်း ဖြစ်၏။ ကျနော် phone မကိုင်လို့ စိတ်ပူပြီး တယောက်ပြီး တယောက် ခေါ်ထားကြခြင်း ဖြစ်၏။ ကျနော် ဘောလုံး ကန်နေလို့ ဖြစ်ကြောင်း ပြောမှ သက်ပြင်းချကြတော့၏။ Black Label တလုံး ၀ယ်ထားသဖြင့် လာဦးမလားဟု ခေါ်၏။ အချိန်လည်း သိပ်မစောတော့၊ ကျနော်လည်း အေးနေပြီ ဖြစ်သဖြင့် မလာတော့ပဲ အိမ်သို့သာ ပြန်တော့မည်ဟု အကြောင်းပြန်လိုက်၏။ ထို့နောက် အိမ်သို့ ပြန်လာခဲ့၏။
ရေချိုးပြီးမှ အေးလာ၏။ သို့နှင့် ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်းလေး မောင်းပြန်လာလိုက်၏။ မြူတွေကလည်း ကျနေသည်ကိုး။ ရှေ့တပြလောက်ကိုတောင် သေချာ မမြင်ရပေ။ အိမ်ရောက်တော့ ခဏနား၊ ခေါက်ဆွဲပြုတ်စား၊ ဆေးသောက်ပြီး အိပ်လိုက်၏။
မနက်ခင်းမှာလည်း ရာသီဥတုက သိပ်မကောင်းလှပေ။ မိုးတော့ မရွာပေမယ့် မိုးအုံပြီး အေးနေ၏။ အိပ်ယာထဲ ကွေးနေချင်ပေမယ့် အလုပ်က ရှိသေး၏။ လူးလဲ ထပြီး ကျူရှင်ခန်း ရှိရာသို့ ဆိုင်ကယ်လေး မောင်းပြီး သွား၏။ အေးလိုက်သည့် ဖြစ်ခြင်း။ စာသင်ချိန်များ ပြီးနောက် အိမ်သို့ ပြန်လာခဲ့၏။ ရွာနေကြ ကိုယ်ရွှေမိုးက ညနေစောင်းတော့ မပျက်မကွက်ပင် ကောင်းကင်ကနေ ဆင်းသက်လာတော့၏။ နေ့လည်ကထက် ပိုလို့ပင် အေးလာတော့၏။ ကျနော်လည်း ဒီနေ့အတွက် promotion အမီတင်ရန် စာရေးတော့၏။ ဒီနေ့မှ ကိုယ်ရွှေ laptop က ဘာဖောက်မှန်း မသိ။ စာရေးထားသည်မှာ စာလုံးရေ (၂၀၀) ကျော်လောက် ရောက်ပြီးကာမှ word 2016 ကြီး ထဟန်းသွား၏။ သေရော။ ကျနော် မ save ထားရသေးပေ။
photo from Facebook
တော်တော်လေး စိတ်ပျက်သွား၏။ feeling ပျက်သွား၏။ mood အောက်သွား၏။ ပြန်ရေး မလားဆိုတော့ မရေးချင်တော့။ ပြန်ရင်းလျှင် စောစောကလို စာကြောင်း၊ အကြောင်းအရာများ ပြန်ရမည် မဟုတ်ပေ။ သို့နှင့် အကြောင်းအရာ ပြောင်းရေးရန်သာ ဆုံးဖြတ်လိုက်တော့၏။ သို့နှင့် မဆီမဆိုင် ရာသီဥတုကို မဲပြီး ယခုစာကို ရေးလိုက်ခြင်း ဖြစ်၏။ စာရေးပြီးနောက် Taunggyi Ocean ၌ KFC သွားစားမည်ဟု တွေးထား၏။ KFC မှာ promotion လုပ်နေ၏။ တတုံးဝယ်၊ တတုံးလက်ဆောင် ဖြစ်၏။ သာမန်အချိန်ထက်စာလျှင် ခုလို promotion အချိန်မှာ ပိုပြီး သွားစား ဖြစ်၏။ ခုချိန်စားလျှင် တန်သည်ကိုး။
ကဲ … နောက်ရက်မှ ဟို mood ပျောက်သွားတဲ့ စာလေး ဆက်ရေးတော့မယ်။ ခုတော့ ကြက်ကြော်သွားစားလိုက်ဦးမယ် ဗျာ။
Don Jaun
MSC 31