နေ့လည် ၁၂ နာရီခွဲပြီဖြစ်၍ အစာအိမ်ထဲမှ ပိုးမျိုးစိတ်ပေါင်း ၈၀ ကျော်၏ ဆန္ဒပြမှုများ ပြင်းထန်လာသည်။ အတန်းထဲတွင် ဆရာမမှ Lecture အား သင်ခန်းစာ တစ်ခန်းပြီးအောင် ပေးမည်ဟုဆိုကာ ထမင်းစားကျောင်းဆင်းချိန်ထိ သင်နေသောကြောင့် ဗိုက်ထဲမှ အော်မြည်သံများ ဆူညံစွာ ပေါ်ထွက်လာသည်။ အိမ်မှာဆိုလျင် မေမေ ထမင်းဟင်း ချက်ပြုတ်တာကျက်သည်နှင့် အူယားဖားယား စားလေ့ရှိသည့် ကျမတစ်ယောက် တက္ကသိုလ်တတက်ချိန် အဆောင်တွင် စတင်နေရစဉ် ကတည်းက အစားအသောက်များ သိသိသာသာ ပျက်လာခဲ့ရသည်။ မည်သည့်ဟင်းကိုမဆို မိသားစုအတွက် စေတနာပါပါနှင့် အရသာရှိစွာ ချက်ပြုတ်တတ်သော မေမေ့လက်ယာကောင်းများကိုသာ အဆင်သင့် စားနေကြ ကျမအတွက် အဆောင် ပတ်ဝန်းကျင်မှ ရောင်းချသော အပြင်စာများအား နိစ္စဓူဝ စားသုံးရသည်မှာ ငြီးငွေ့လာပါသည်။ အမဲနှပ် , ကြက်ချဉ်စပ် , ငါးခူစင်းကော , ငါးပတ်မွှေ , သီးစုံကုလားပဲဟင်း , ဘဲဥချဉ်ဟင်း , ငါးသလောက်ပေါင်း အစရှိသည့် ဟင်းလျားများသည် ကျမတို့ တစ်မိသားစုလုံး အကြိုက်ဖြစ်သော မေမေ့၏ ထမင်းမြိန်စေသည့် ဟင်လျာကောင်း များထဲမှ အချို့ဖြစ်သည်။ သမီးငယ်လေးဖြစ်သည့် ကျမကို အချစ်ပိုသည့် မေမေက ကျမအကြိုက်ဖြစ်သည့် ဘဲဥချဉ်ဟင်းကို တစ်ပတ်(၃)နပ်လောက် ချက်ကျွေးပါသည်။
photo credit facefook
ဟင်းချက်ရာတွင်လည်း အရသာရှိရှိနှင့် အလေအလွင့်နဲအောင် ချက်ပြုတ်ကျွေးတတ်သည့် မေမေသည် ကျမအကြိုက် ဘဲဥချဉ်ဟင်းချက်သည့် နေ့များတွင် မိသားစုဝင်များသည့်အလျောက် ကုန်ကျစားရိတ် သက်သာစေရန် အာလူးလေးဖြင့် ရောချက်တတ်ပါသည်။ အာလူးရောချက်ခြင်းဖြင့် ပရိုတင်းဓါတ် အာဟာရလည်း ရရှိစေပြီး ဘဲဥကုန်ကျမှု့စားရိတ်လည်း သက်သာစေပါသည်။ စည်းကမ်းတကျ စားသောက်တက်စေရန်လည်း ကျမတို့ မောင်နှမတစ်စုအား ဘဲဥတစ်ခြမ်းကို အာလူးစိတ်လေးများနှင့် ဝေပုံကျကျွေးပါသည်။ သားသမီးများ ထမင်းပိုမြိန်စေရန်လည်း ငါးပိရည် တို့စရာ , အရွက်ကြော်လေးများ အရည်သောက်လေးများဖြင့်လည်း တွဲဖက်ကာ ချက်ပြုတ်ကျွေးတတ်ပါသေးသည်။ ကျောင်းတက်မသွားမီ အိမ်မှာရှိစဉ် ကျောင်းပိတ်ရက်တွေ ကတည်းက အဆောင်တွင် ကျမစားခြင်သည့် ဟင်းလျာများကို အချိန်မရွေး ချက်ပြုတ်စားနိုင်စေရန် မေမေ မီးဖိုချောင် ဝင်သည့်အချိန်တိုင်း ကျမကိုလေ့လာ သင်ယူစေပါသည်။
မေမေ့၏ လက်ယာများ ခံတွင်းမြိန်စေသည်မှာလည်း အခြားသော ချက်နည်းများထက် ထူးခြားသောကြောင့်ဟု ကျမထင်ပါသည်။ ဘဲဥချဉ်ဟင်း ခံတွင်းတွေ့စားကောင်းသည်မှာလည်း မေမေ့၏ စိတ်ရှည်လှသည့် ချက်နည်းများကြောင့်ဖြစ်သည်။ ဘဲဥပြုတ်များကို အလုံးလိုက်မချက်ဘဲ အရသာပိုရှိစေရန် မေမေက အခြမ်းလေးများ ခြမ်းပြီးချက်ပါသည်။ သို့ပေမယ့် ချက်နေစဉ် ဘဲဥအနှစ်များ ထွက်းခြင်း , ပဲ့ရွဲ့ခြင်းများ မရှိဘဲ ဘဲဥအခြမ်းလေးများမှာ မာမာတင်းတင်းဖြင့် စားကောင်းလှပါသည်။ ထိုသို့ဖြစ်စေရန်လည်း ဆီမွှေးသတ်ပြီး ဘဲဥအခြမ်းလေးများ ထည့်ပြီးချိန်မှာ ရေကို "ဝေါ" ကနဲတခါတည်း လောင်းမထည့်ရပါ။ ဆီမွှေးသတ်ပြီးချိန်တွင် ဘဲဥအခြမ်းလေးများနှင့် ကြော်ထားသော အာလူးလေးများထည့်ကာ ဆီးသတ်ထားသော အနှစ်လေးများ ဘဲဥနှင့်အာလူးထဲသို့ စိမ့်ဝင်စေရန် အနည်းငယ်မွှေပေးရပါသည်။ အနှစ်များမတူးမီ အရသာများဖြစ်သည့် ဆားအနည်းငယ်နှင့် ကင်းမွန်ငံပြာရေတို့ကို သင့်လျော်အောင် ထည့်မွှေရပါသည်။ ထို့နောက်ဖျော်ထားသော မန်ကျည်းနှစ် အရည်လေးအား နဲနဲချင်းစီ ထည့်လိုက်မွှေလိုက်လုပ်ပြီးမှ ဘဲဥအရောင်လေးများကို ငရုပ်သီးအနှစ်ရောင် နီနီရဲရဲမှ အညိုရောင် အနှစ်လေးများ ဖြစ်စေပါသည်။ အားလုံးပြီးတော့မှ ရေအနည်းငယ်ချင်းစီ စိတ်ရှည်စွာထည့်ပြီး ဘဲဥအခြမ်းလေးများမာမာတင်းတင်းလေးဖြစ်အောင် ပြုလုပ်ရပါသည်။
ထိုသို့ရေ အနည်းငယ်ချင်းစီအား ထည့်လိုက် ခမ်းလိုက် ပြုလုပ်နေရင်းဖြင့် မိမိလိုခြင်သည့် အနေအထား ဘဲဥအခြမ်းလေးများ မာပြီဆိုလျင် ထမင်းနှင့် ဆမ်းစား၍ ရမည့်အနေထားလောက် ရေထည့်ကာ ရေပွက်သည်ထိ ထားပြီးမီးဖိုပေါ်မှ ချရပါသည်။ ရေထည့်ချိန်တွင် နဲနဲခြင်းစီ မထည့်ဘဲ ဝေါကနဲ အိုးအပြည့်ထည့်လျင် ဘဲဥအနှစ်များထွက်နိုင်ပြီး အရသာလည်း သိပ်မရှိနိုင်ပါ။ အဓိကကျသော အချက်မှာ ဘဲဥ , ငါးသလောက် , ပုစွန် စသည့်ဟင်းလျာများ၏ အမွှေးနံ့ကို က်ြက်သွန်ဖြူ၏ အနံ့က ဖုံးအုပ်သွားနိုင်သဖြင့် ထိုဟင်းလျားများအတွက် ဆီမွှေးသတ်မည့် ငရုတ်သီး အနှစ်ထဲတွင် ကြက်သွန်ဖြူ ထည့် မထောင်းရပါ။ မေမေ သင်ပြပေးသည့်နည်းအတိုင်း အတန်းချိန်စောသည့် ကျောင်းဆင်းချိန်များတွင် အဆောင်မှသူငယ်ချင်းများအား ချက်ကျွေးသည့်အခါတိုင်းလည်း အလွန်ကြိုက်နှစ်သက်ကြပါသည်။ သို့ပေမယ့် အဆောင်ပြန်ရာက်တိုင်း ကျက်မှတ်ရမည့် သင်ခန်းစာတွေများလွန်းပြီး ချက်ပြုတ်ရမည့် အချိန်ပိုမရှိဘဲ အပြင်အစားစာများသာ စားနေရသော ကျမအတွက် မေမေ့လက်ရာများကို တမ်းတမိပါသည်။
စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် အိမ်ပြန်တိုင်း မေမေသည် ကျမကြိုက်သည့် ဘဲဥချဉ်ဟင်း အပါဝင် အသုတ်လေးများမှအစ အရည်သောက် အရွက်ကြော် ဆီပြန်ဟင်းလေးများကို မီးဖိုချောင်မှ မထွက်တော့ပဲ ဖွယ်ဖွယ်ရာရာ ချက်ကျွေးပါတော့သည်။ မိဘအိမ်နှင့်ဝေးပြီး အပြင်စာများနှင့် အစားသောက်ပျက်နေသော သမီးဖြစ်သူကို မေမေက ဘဲဥဟင်းတစ်လုံးလုံး ထည့်ကျွေးပါသည်။ မောင်နှမအားလုံး ထမင်းနှင့်ဟင်းအား စည်းကမ်းတကျ စားတတ်ရန် ရည်ရွယ်၍ ဟိုယခင်ချိန် ကလေးအရွယ်များ၌ ဟင်းကိုဝေပုံကျထည့်ပေးခြင်းဖြစ်သည်ဟု မေမေက ရှင်းပြပါသည်။ မေမေသင်ပေးသည့် ချက်နည်းများနှင့် အဆောင်မှ သူငယ်ချင်းများကို ချက်ကျွေးတိုင်း အရမ်းစားကောင်းလွန်း၍ ချီးကျူးခံရသည်ဟု ပြန်ပြောပြတိုင်း မေမေပြုံးနေတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ မေမေ၏ လက်ယာမြောက်သော ဟင်းလျာများနှင့် စည်းကမ်းတကျကျွေးမွေးမှုများကြောင့် အရသာရှိသော မေမေချက်သည့် ဟင်းတစ်ဖတ်တည်းဖြင့်လည်း ကျမတို့မောင်နှမများ ထမင်းစားလို့ ရပါသည်။ မည်သည့်နေရာပဲရောက်ရောက် မည်မျဘဲဈေးကြီးသည့် အစားစာများ စားရသော်လည်း မေမေချက်သောဟင်းလျာများကိုသာ လွမ်းမိပါသည်။မေမေချက်သော ဘဲဥတစ်ခြမ်းကို မည်သည့်ဟင်းလျာကောင်းများနှင့်မျှ မလဲနိုင်ပါ။ မေမေအပင်ပန်းခံချက်ပြုတ်ထားသော ထမင်းဝိုင်းလေး၌ ကျမတို့မောင်နှမ တစ်စုခေါင်းမဖော်နိုင်အောင် မြိန်ရေယှက်ရေစားသောက်ရသော ဘဝလေးကိုဘဲ နှစ်သက် တမ်းတမိပါသည်။
Own writer: