photo credit.google image
ညသည် တိတ်ဆိတ်ခြင်းကိုအဖော်ပြုလျက်
တည်ရှိနေ၏။အချိန်အားဖြင့် ည၉နာရီဝန်းကျင်ခန့်ရှိ
ဟန်တူ၏။မသေချာမှာစိုး၍ လက်ကနာရီကို အားစိုက်၍
ငုံ့ကြည့်လိုက်သည်။နာရီကား ၆နာရီတွင်ရပ်နေခဲ့သည်မှာလွန်ခဲ့သော၂ရက်ခန့်ကတည်းက၊ဓာတ်ခဲအားကုန်
သည်ကို မလဲဖြစ်သေး။ည၏လမ်းဘေးတစ်နေရာ သက်တမ်း ကြာပြီဖြစ်သော နီကျင်ကျင် မီးတိုင်အောက်တွင် လက်ဖဝါးပေါ် မျက်နှာအပ်၍ လူတစ်ဦးထိုင်နေ၏။
မျက်နှာသည် အတန်ဖြူရော်ဟန်ရှိနေပြီး စိတ်ပျက်လက်
ပျက်အနေအထား၌ရှိနေ၏။ညီအစ်ကို မသိတသိ အချိန်
တွင် ညိုးကျနေသော နေကြာပန်းပမာ သူ၏မျက်နှာသည် နွမ်းလျကျနေ၏။
ထိုနောက် ဘယ်ဘက်လက် လက်ညိုးနှင့်လက်မ
ညှပ်၍ ကိုင်ထားသော စီးကရက်အတို
ကို ဟန်ပါပါ ရှိုက်လိုက်သည်။သို့သော် မီးခိုးတို့က ထွက်မလာ၊စီးကရက်မှာ မီးငြိမ်းနေသည်မှာကြာပီ။မီးထပ်တို့ရန် ညာဘက် ဘောင်းဘီအိတ်ကပ်ထဲမှ မီးခြစ်ကို လှမ်းနှိုက်လိုက်၏။မတွေ့၊ထပ်စမ်း၏၊တဖန် ဘယ်ဘက်
အိတ်ကပ်ထဲ ထပ်စမ်းပြန်၏၊မတွေ့၊သေချာပြီ။မီးခြစ်
တစ်နေရာရာတွင် ကျခဲ့ပြီ။"ကျွတ်" စိတ်ပျက်ဟန်၍
နှုတ်မှ စုတ်ထိုးလိုက်သည်။"ဟူး " ကနဲ လေပူတစ်ချက်
ကို အားပါပါ မှုတ်လိုက်လိုက်၏။လက်ကလည်း ဘာမှ
မရှိသော မျက်နှာကို အကြိမ်ကြိမ်ပွတ်သပ်နေလေသည်။ထိုနောက် နံဘေးတွင် အသင့်ပါလာသော ခပ်နွမ်းနွမ်း ဂစ်တာအိုကို ကောက်ကိုင်ကာ အသင့်အနေအထားပြင်ရင်း တဂျောင် ဂျောင် အသံစမ်းလိုက်၏။မျက်ဝန်းများသည် မူလကထက် ပို၍ ညိုးသွားသည်ထင်ရ၏။
လမ်းမပေါ်သို့ တစ်ချက်ငေးကြည့်ရင်း ဂစ်တာကို အသင့်ပြင်လိုက်သည်။ထိုနောက် တီးမတတ်၍ ပြန်ချလိုက်လေတော့သည်။ဂစ်တာမှာ အရင်က သူ့အပိုင်မဟုတ်၊သို့သော် လွန်ခဲ့သော နာရီဝက်ခန့်က သူ့အပိုင်ဖြစ်သွားသည်
ဟု ဆိုရပေမည်။အဘယ်ကြောင့်မူ အသိတစ်ယောက်ဆီမှ ကြွေးပြန်မဆပ်နိုင်၍ ရရာ ဂစ်တာကိုသိမ်းလာခဲ့ခြင်းဖြစ်သည်။
photo credit..google image
ထို့အခိုက် လေပြည်သည် ဝေ့ကနဲ ဖြတ်သွား၏။
လမ်းဘေးအတွင်းရှိ စံပယ်ရုံဆီမှ လွှင့်ပျံလာသော အနံ့
အချို့က နှာခေါင်းထဲ စူးစူးရှရှ ဝင်လာ၏။"ထွီး " "ခွေးချေးနံ့။စံပယ်ရုံနား ဘယ်ခွေး ချေးလာပါသွားလဲမသိ။နွမ်း
လျကျနေသော မျက်နှာသည် ရှုံ့မဲ့ခြင်းနှင့် ပေါင်းလိုက်
သောအခါ ကြက်ဟင်းခါးသီးသဖွယ်ဖြစ်သွားလေသည်။
သူသည် အိမ်ပေါ်မှ မောင်းချလိုက်သော အဖေကိုလည်း စိတ်မနာရက်ပါ။အဖေသည် သူ့ကိုချစ်လွန်း၍ အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့မြဲဖြစ်သည်။ဒီတစ်ခါတော့ အဖေလည်း သည်းမခံနိုင်၍ထင်ပါသည်။သူ့ အပြစ်ပါပဲ့လေ။အဖေ သည်းမခံနိုင်တာလည်း မပြောနဲ့၊အဖေ့ကို ဖဲအကြွေး မပေးနိုင်သည်မှာ တစ်လတောင်ကျော်ခဲ့ပီကိုး။ခုတလော အဖေကလည်း ကံတော်တော်ပွင့်နေသည်။ဖဲရိုက်တိုင်း အဖေချည်းနိုင်နေ၏။နိုင်နိုးနိုး၊နိုင်နိုးနိုးဖြင့် အဖေဆီက ချေးလိုက်၊ပြန်ရိုက်လိုက် ကုန်သွားလိုက်နှင့်
အကြွေးပေါ်အကြွေးဆင့်နေခြင်းဖြစ်သည်။အဖေကလည်း သူ့ကို ချစ်လွန်း၍နားလည်စောင့်ဆိုင်းပေးခဲ့ပါသည်။အခုတော့ သည်းမခံနိုင်ပြီထင်ပါ့၊"မင်း ဖဲကြွေးဆပ်နိုင်မှ ငါ့အိမ်ပြန်လာခဲ့"ဟူ၍ အိမ်ပေါ်မှမောင်းချခဲ့ခြင်းဖြစ်လေသည်။အဖေကိုလည်း စိတ်မနာရက်ပါဘူးလေ။သို့
သော် အဖေကို့ဖဲကြွေးဘယ်လိုပြန်ဆပ်ရမလဲ တွေးမိ
တိုင်း ခေါင်းသည် သွက်သွက်ခါအောင် ရူးချင်မိ၏။ထို့အခိုက် မျက်လုံးထဲ၌ စူးရှသော မီးရောင် တစ်ခု တိုးဝင်လာ
၏။စူးရှသော မီးရောင်ကို လက်ဖြင့်ကာရင်း ကြည့်လိုက်ရာ ဆိုင်ကယ်နှစ်စီး သူ့ဆီသို့ လာနေ၏။"သြော် ...အဖေ ..အဖေ သည်းမခံနိုင်၍ အိမ်ပေါ်မှနှင်ကျခဲ့ပေမယ့် သားတစ်ယောက်ကို ဒီအတိုင်း လွှတ်မထားနိုင်ဘူးပေါ့လေ၊တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိ၍ သားဆိုးသားသမီးကိုမူ ပစ်ရိုးထုံးစံမရှိဆိုတဲ့ဆိုရိုစကားတယ်မှန်လေစွ။အိမ်ပြန်ရောက်မှပဲ့ တောင်းတောင်းပန်ပန် ငွေပြန်ချေးရင်း ဖဲခိုးပြီးနိုင်အောင်ပြန်ရိုက်ကာ အကြွေး
ပြန်ဆပ်ဦးမှ...။အတွေးတို့သည်မဆုံး" "ညီလေး ညအချိန်မတော် မှောင်ရိပ်ခိုမှုနဲ့ အစ်ကိုတို့ဖမ်းရပါလိမ့်မယ်၊ရုံးကိုခဏလိုက်ပါ"တဲ့။"ဟင် ရဲတွေ"။မနက်ရောက်သော်
အဖေကား "ငါ့အကြွေးမပေးတဲ့ကောင် အာမ မခံပေးနိုင်
ဘူး"ဟူ၍ အချုပ်ထဲ ၄ရက်အိပ်လိုက်ရလေသတည်း။
**လေးစားစွာဖြင့်
သျှားသိုက်(မာရိတ်မြေ)/(နွေဦးသစ်)
***
**MSC-252