-အပိုင်းဆက်၆
အိမ် အတွင်းဆီမှ နားရွှက်တကားကားနှင့် အကောင်ခပ်ကြီးကြီး ခွေးဖြူတစ်ကောင်ပြေးထွက်လာပါသည်။မရီးတို့ ခွေးအသစ်တစ်ကောင်မွေးထားပြန်ပါလားဟုတွေးနေစဉ်မှာပင် ထိုနားရွှက်ကားနှင့်ခွေးသည် ကျွန်ုပ်ဆီပြေးဝင်လာ၏။ရန်မူ ခြင်းလား စိုးရိမ်စွာဖြင့် နောက်သို့ဆုတ်လိုက်မိသည်။သို့သော် ထိုခွေးဖြူသည် ကျွန်ုပ် ကို ပတ်၍ မြူးတူးစွာဖြင့် ကိုယ်နှင့်ပွတ်၍လည်းကောင်း၊လက်နှစ်ဖက်ဖြင့် ကျွန်ုပ်ကိုယ်ပေါ်သို့ ခုန်တက်၍လည်းကောင်း ပြုမူ၏။ကျွန်ုပ်မှာ ရုတ်တရက်ကြောင်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်ပါသည်။ထိုခွေးဖြူသည် ဘိုဖြူ ပင် ဖြစ်လိမ့်မည်တကား။
image source
ကျွန်ုပ်မှာ အလွန်ပင် အံသြမင်သက်လျက် ပျော်ရွှင်နေမိပါသည်။တစ်ချက်ကား ငယ်ငယ်လေးနဲ့ ထားရက်ခဲ့သော ခွေးကလေးသည် ၂လကျော်မျှ ဝေးကွာနေခဲ့သောကျွန်ုပ်ကို လုံးဝမှတ်မိနေခြင်း၊နောက် ၂လကျော်
အတွင်း ဒီလောက်ထိ ကြီးလာလိမ့်မယ်လို့ မထင်မိခြင်းပင်ဖြစ်သည်။ယခု ဘိုဖြူကား ယခင်က ဘိုဖြူလေးလိုမဟုတ်တော့၊ငယ်ငယ်က နားရွှက်ကုတ်ကုတ်လေးသည်
ယခု နားရွှက်တထောင်ထောင်နှင့် ခွေးကြီးဖြစ်နေပြီ။
အချိန်တွေ ပြောင်းလဲသွားပေမဲ့ ကျွန်ုပ်ကို မှတ်မိနေခြင်းကပင် ကျွန်ုပ်အား ကြည်နူးစေခဲ့ပါပြီ။
မရီးသည် ဘိုဖြူ အစားပုတ်သည့်အကြောင်း ပြောမဆုံးတော့ပေ။ဘယ်လောက်တောင် စားသည်မသိ၊ယခင်က မဲငယ်၏ကိုယ်အောက်မှ လျိုပြေးကာ ကစားနေသော ဘိုဖြူ သည် ယခု မဲငယ်က သူ့အောက်မှ လျို၍
သွားနေရပြီဖြစ်၏။ဘိုဖြူ သည် မြို့တွင်မွေးသည် ဖြစ်သည့်အလျောက် လမ်းလည်သော အကျင့်ကား ပါလာ၏။
မဲငယ်သည်လည်း ဘိုဖြူ အရွယ်ရောက်ပြီးမှ အိမ်မမြဲတော့ပေ။ဘိုဖြူ သည် ကံကောင်းသော ခွေးကလေးဟု
ဆိုရပေလိမ့်မည်။၎င်းအား ကျွန်ုပ်ဆောင်ယူခဲ့ခြင်းက
သူ့အတွက် ကံကောင်းခဲ့ပါသည်။အဘယ်ကြောင့်မူ
မြို့တွင် ကျန်ရစ်သော သူ့၏ညီနှစ်ကိုများနှင့် အဖေတူ အမေကွဲ ခွေးနှစ်မ အားလုံးသည် ဘာအကြောင်းကြောင့်
ရယ်ဟု သေချာမသိရဘဲ တစ်ကောင်ပြီးတစ်ကောင် ရှေ့ဆက်နောက်ဆက် သေဆုံးသွားကြခြင်းကြောင့်တည်း။သူ့သာ ထိုနေရာတွင် ရှိနေခဲ့မူ ၄င်းသည်လည်း သေရမည်မှာ မလွဲဧကန်ပင်။
image source
ဘိုဖြူ သည် ခွေးပျိုဖားဖားကြီး ဖြစ်နေပြီး နားရွှက်ထောင်ထောင်နှင့် တစ်မျိုး ချစ်စရာကောင်းနေပြန်ပါသည်။မျက်လုံးလေးများမှာ သနားစဖွယ် မျက်လုံးလေးများဖြစ်၏။ထိုမျက်လုံး နှင့်ပင် သနားလာအောင် လုပ်ပြပြီး လူများထံမှ မုန့်များ တောင်းစားနေမြဲဖြစ်သည်။မကျွေးလျှင် မျက်လုံးလေး ကလည် ကလည် လုပ်ပြလျက် လူနားမှဒမခွာတော့ပေ။တော်တော် အစားပုတ်သော ကောင်ဖြစ်သည်။အကျင့်ဆိုးတစ်ခုကား ပါလာပြန်ပါသည်။ဤကားဖိနပ် ကိုက်ခြင်းပင်ဖြစ်သည်။ဖိနပ်ခဏခဏ ကိုက်ခြင်း၊ကလေးကစားစရာ ဘောလုံး စသည့် ရာဘာ ပစ္စည်းမှန်သမျှ ကိုက်ခြင်း တို့ကြောင့် အစ်ကိုကြီး၏ တုတ်စာ အမြဲမိသည်ဟူ၏။မရီးဖြစ်သူကလည်း ကျွန်ုပ်ကို တိုင်၏။ကျွန်ုပ်ဆောင်ယူခဲ့သော ကောင်ကလေးဖြစ်၍ ကျွန်ုပ်နှင့်ဆိုင်သည်ပေါ့လေ။ထိုကြောင့် ကျွန်ုပ်သည်လည်း ၄င်းအား ဆုံးမပေးရပါသည်။ကျွန်ုပ်ရှေ့ ဖိနပ်ကိုက်လျှင် အနားခေါ်၍ " သူ့နားလည်သည်လား မလည်သည်လားတော့မပြောတတ်" နှုတ်မှ တတွတ်တွတ်ပြော၍ ကိုက်သော ပါးစပ်ကို လက်ဖြင့် ရိုက်၍ဆုံးမပေးရသည်။တိုက်ဆိုင်၍လားတော့မသိပေ။နောက်နောင်တွင်ကား ယနေ့အထိ ဖိနပ်ကိုက်ခြင်း လုံးဝမရှိတော့ချေ။
အပိုင်းဆက်မျှော်...
image source
-လေးစားစွာဖြင့်
-နွေဦးသစ်
-
-MSC-252