ဤအကြောင်းအရာနှင့်ပတ်သက်ပြီးရေးရရင် အင်မတန်ရင်နာစရာအဖြစ်အပျက်များကျွန်ုပ်ကြုံတွေ့ခဲ့ရပါသည်။ခုခောတ်ကျွန်ုပ်တို့လူငယ်အများစုသည် စိတ်မြန်၏၊စိတ်ပျက်လွယ်၊စိတ်ဓာတ်ကျမြန်၏၊မကျေနပ်မှု၊ခံပြင်းမှု၊တို့ကိုလျင်မြန်စွာ တုံ့ပြန်ကြ၏။ရေရှည်ကို ကြို၍မတွေး၊အဘယ့်ကြောင့် ဘယ်လိုဖြစ်တတ်သည်
ဆိုတာကို ရေးရေးကလေး(သို့)လုံး၀မတွေးတောကြပေ။တစ်နည်းအားဖြင့်ပေါ့ပေါ့တန်တန်၊လွယ်လွယ်တွေးလိုက်ကြခြင်းပင်ဖြစ်သည်။လက်ရှိခဏတာပျော်ရွှင်မှု၊အဆင်ပြေမှုကိုသာခင်တွယ်ကာ ဘ၀ကို ရင်ဆိုင်ကြ၏။ထိုသို့ပြောခြင်းသည် ကျွန်ုပ်တို့ခောတ်လူငယ်တို့ကို အပြစ်ပြောနေခြင်းမဟုတ်၊မချင့်မရဲဖြစ်မိခြင်းသာဖြစ်သည်။
"အိမ်ကအမေဆူလို့ ယောကျာ်းနောက်လိုက်သွားပြီ၊မိန်းမခိုးသွားပြီ"။ "အိမ်မှာမနေချင်လို့၊ စာမေးပွဲရှုံးလို့၊ စိတ်ညစ်လို့၊ အစသဖြင့် အကြောင်းအရာပေါင်းတစ် သောင်းခြောက်ထောင်နှင့် မိန်းမခိုးသွားပြီ/ယောကျာ်းနောက်လိုက်သွားပြီ"ဟူသော သတင်းများကျွန်ုပ်၀န်းကျင်မှာတင် နေ့စဉ်နှင့်အမျှမရိုးနိုင် အောင်ကြားနေရ၏။ထိုသူတို့ကို ကြည့်လိုက်လျှင် ၁၆နှစ်၊၁၇တစ်ခါတစ်ရံ၁၃၊၁၄ ၊၁၅ "ဘုရား၊ဘုရား"ကျွန်ုပ်တကယ် ဘုရားတမိ၏။ပြန်ကြားရသမျှ အများစုသည် အထက်ပါအကြောင်းကြောင်းကြောင့် စိတ်ထွက်ပေါက်ရှာသွားကြခြင်းဖြစ်လေသည်။
သူတို့အမှန်အကန် ထွက်ပေါက်ရသွားကြသလော။အဆင်ပြေသွားကြ၏လော။သူတို့၏လုပ်ရပ်သည် မှန်ကန်သွားခြင်းလော။မည်သူ မည်သို့ပင်ဆိုဆို ကျွန်ုပ်သည် တစ်ခွန်းတည်းသာပြောမည် "မင်းတို့လုပ်ရပ်မှားသည်"။သူတို့သည် ထွက်ပေါက်ရသွားခြင်းမဟုတ်၊အမှန်တော့ အလွန်တရာနက်သောဘ၀ချောက်ထဲသို့ လွယ်လွယ်ကူကူအရှုံးပေးကာ ခုန်ချသွားခြင်းသာဖြစ်သည်။(ထိုသို့ဆိုခြင်းကြောင့် "အိမ်ထောင်ပြုခြင်းသည် မကောင်းဟုမေးခြင်းငှာရှိလတ္တံ့"၊ကျွန်ုပ်ပြောလိုသည်ကား အရွယ်မရောက်သေးသော၊အသင့်မဖြစ်သေးသော အိမ်ထောင်ပြုခြင်းကိုသာဆိုလိုသည်ဖြစ်၍ စာစုသူတို့အမြင်ရှင်းစေအံ့။")အသင့်မဖြစ်သေးသော အိမ်ထောင်မှုတစ်ခု
သည် မရှင်းလင်းရသေးသောချည်ခင်ကဲ့သို့ အထွေးလိုက် ရှုပ်ယှက်ခတ်နေမည်မှာ မလွဲဧကန်ပင်။
ကျွန်ုပ်ပတ်၀န်းကျင်တွင် ကြားနေရသော အိမ်ထောင်ပြုမှုများသည် အလွန့်ကိုပင် ငယ်ရွယ်သေးသော ကလေးများ(၁၈နှစ်ပင်မပြည့်သေးသောသူများ)ဖြစ်ကြ၏။အချို့သော သူတို့သည်
တက္ကသိုလ်၀င်တန်း ဖြေဆိုထားသူများ၊တက္ကသိုလ်၀င်တန်းပင်မရောက်သေးသောသူများ၊အတန်းငယ်စဉ်၌ပင် ကျောင်းထွက်ထားသူများ၊တက္ကသိုလ်ပထမနှစ်တက်နေကြသူများ တကယ့်ကိုအစုံအလင်ပင်။ပို၍နှမြောတသ ဖြစ်မိသူများသည် ကျောင်းတ၀က်တပျက်နှင့် စိတ်ထွက်ပေါက်ရှာသွားကြသူများပင်ဖြစ်၏။ကျောင်းသားတစ်ယောက် ကို တက္ကသိုလ်၀င်တန်းအောင်မြင်သည့်အထိပင် မိဘတို့ မည်မျှရုန်းကန်ပံ့ပိုးကြရသည်ကို အားလုံးသိကြမည်သာ။ငွေကြေးအင်အားတောင့်တင်းသူများအတွက်ကား မပြောပလောက်ဟုဆိုနိုင်သော်လည်း တကယ်တမ်းငွေသည် တွင်းကနှိုက်ယူရခြင်းမဟုတ်သောကြောင့် ရှာဖွေရမည်မှာကားမလွဲဧကန်ပင်။ကလေးတစ်ယောက်ကို အတန်းပညာသင်ပံ့ပိုးရခြင်းသည်"အမျိုးအမည်မသိသော ပျိုးစေ့တစ်ခုကို ရေလောင်းပျိုးထောင်ရခြင်းနှင့်တူ၏။"ထိုပျိုးစေ့ကလေးသည် အပင်ပေါက်လတ်သော် မည်သည့်အပင်ဖြစ်လာမည်နည်း၊အသီးသီးလာသော် မည်သို့သောအသီးဖြစ်လာမည်နည်း"ဟုမျှော်လင့်ချက်တလှေကြီးဖြင့် တရိပ်ရိပ်တကြည့်ကြည့် မျှော်လင့်ကြရ၏။
မျှော်လင့်ချက်တပုံတပင်ဖြင့်ပျိုးထောင်ထားသော ထိုပျိုးစေ့ကလေးသည် အပင်ပေါက်အရွယ်၌ပင် ကျိုးကြေပျက်စီးခြင်းရောက်ခဲ့သည်ရှိသော် ပျိုးထောင်သူတို့ မည်မျှရင်နာကြရမည်နည်း။ကိုယ်စားသုံးရမည်ထက် ပျိုးကောင်းပင်ကလေး အရွယ်ရောက်လတ်သော် လောကအလယ် ခံ့ခံ့ညားညား ထည်ထည်ဝါဝါ ရပ်တည်နိုင်၊သီးပွင့်နိုင်မည်ကိုသာ အများအားဖြင့် မျှော်လင့်ခဲ့ကြသည်ကား ပျိုးထောင်သူတို့တတွေ၏မျှော်လင့်ချက်ပီတိအဖုံဖုံ။ထို့အတူ မိမိတို့
မျှော်လင့်ချက်တွေနှင့် ပျိုးထောင်လာခဲ့ကြသော
သားသမီးများ အချိန်မတန်ခင်မှာပင် အရိပ်အောက်ဆီမှ ထွက်ခွာသွားခဲ့ကြသည်ရှိသော် မိဘတို့၏နှလုံးသည်းပွတ်ကား အဘယ်မျှ ပွန်းကြေ နာကျင်ကြရမည်နည်း။
အချိန်မတိုင်ခင်မှာ အိမ်ထောင်မှုကိုထူထောင်သွားကြသော ဆယ်ကျော်သက်တို့၏ ဘ၀အာမခံချက်က ဘယ်မှာလဲ၊မိဘရင်ခွင်ဆီမှာတုန်းက အသင့်စား ခဲ့ကြသူများ ကိုယ်တိုင်ကိုယ်ကျ ဘ၀တစ်ခုထူထောင်ရတဲ့အခါ စင်းလုံးချောအဆင်ပြေနေနိုင်ပါ့မလား။ချမ်းသာသူတို့၏ သားသမီးများမှာမူ ငွေကြေးနဲ့ပတ်သက်၍အကြောင်းမရှိဟုဆိုနိုင်စေကာမူ နှစ်ဖက်အသိုင်းအဝိုင်းတို့၏ လူနေမူ ပြသာနာကားကြုံရမည်မှာသေချာ၏။ချို့တဲ့သူတို့အတွက်ကား အစစအရာရာသည် ဆိုဖွယ်မရှိနိုင်တော့ချေ။
ဘ၀ကိုလွယ်လွယ်တွေးကာ လွယ်လွယ်ခုန်ဆင်းခဲ့ကြသူများ ဘ၀၏ခက်ထန်ကြမ်းတမ်းမှုကို
ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ပင့်သက်ရှိုက်ချိန်တောင်မရဘဲ နှခေါင်းသွေးထွက်ကြလေပြီ။
အချို့စုံတွဲများ ပေါင်းကြသည်မှာ တစ်လ၊များမကြာမှီပင် ပြတ်စဲကြလေပြီ။ဒုက္ခဖြစ်သွားကြ၊ဖြစ် နေဆဲ သူများဒုနဲ့ဒေး။ထိုသို့အဖြစ်အပျက်များသည် စာရှုသူတို့ကြုံကြ၊ကြားကြ၊မြင်နေကျ
ဖြစ်၍ လက်ညိုးထိုးပြစရာပင်မလိုဟုထင်ပါသည်။ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ပြုကြသူတိုင်း ဒုက္ခဖြစ်ကြသည်ဟု မဆိုလိုပါ၊သို့သော်
အဆင်ပြေလှပါသည်ဟု ဆိုနိုင်သော သူများ ကျွန်ုပ်မတွေ့မိသေးတာတော့ အမှန်ဖြစ်၍ ကျွန်ုပ် ၏အားနည်းချက်သာဖြစ်ပါလိမ့်မည်။
ထိုသို့ဖြစ်ရပ်များအတွက် မည်သူ့ကိုအပြစ်တင်ရမည်နည်း။သူတို့ကိုလား၊အုပ်ထိန်းသူတွေကိုလား၊နိုင်ငံကိုလား။အချို့က အုပ်ထိန်းသူကြောင့်၊အချို့က ပတ်၀န်းကျင်၊အချို့က စိတ်အလိုလိုက်မှု၊အချို့ကားအကြောင်းအမျိုးမျိုးကြောင့်၊အပြစ်တင်ရမည့်သူကား ရေရေရာရာမရှိ။ကျွန်ုပ်ထင်ပါသည်။Hot Media(Social Network) ၏ စုန်ရေမှာလိုက်ပါများ၍Cold Media(စာအုပ်စာပေ) အားနည်းမှုကြောင့်ဖြစ်မည်ဟူ၍။စာပေဖတ်ရှုမှုများသော သူတို့သည် ပုံမန်သူတို့ထက် တွေးတောဆင်ခြင်နိုင်စွမ်းရှိ၏။အကြောင်းအကျိုး အကောင်းအဆိုးကို သာမန်သူတို့ထက် တွေးတောနိုင်သည်ဖြစ်၍ အနည်းဆုံးတော့ဘ၀ကို လွယ်လွယ်ရေစုန်မျောပစ်ဖို့ ခဲယဉ်းကြ၏။
ထိုကြောင့်ကျွန်ုပ်အကြံပြုချင်သည်မှာ
ဆယ်ကျော်သက်တို့ကို စိတ်ထွက်ပေါက်ရှာရ၌
မမှားကြစေဖို့၊ဘာပဲ့လုပ်လုပ် တခဏဘ၀ကိုပဲ့
မသာယာမိကြစေဖို့၊မိမိတို့အုပ်ထိန်းသူတို့ကို ငဲ့ညှာမိစေဖို့၊Hot Mediaနောက်ကို အထိန်းအကွပ်မဲ့ ရေးစီးကမ်းပြို မလိုက်ကြစေဖို့၊မည်သို့ပင်ဖြစ် စေကာမူ ဘ၀ကိုလွယ်လွယ်ကူကူအရှုံးမပေးကြဖို့၊မိမိတို့ ပန်းတိုင်ကိုအရောက်လှမ်းပြီးမှသာလျှင် ဘ၀ကိုအင်တိုက်အားတိုက်ရင်ဆိုင်ကြဖို့ရည်ရွယ်၍ အကျွန်ုပ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် တိုက်တွန်းလိုက်ရပါသည်။
စာကြွင်း။ ။ကျွန်ုပ်၏ထောက်ပြဝေဖန်အကြုံပြုချက်များသည်အမှားတစ်စုံတစ်ရာပါခဲ့သော် ကျွန်ုပ်၏စေတနာအမှားသာဖြစ်၍နားလည်နိုင်ကြပါစေကြောင်း။
နွေဦးသစ်(မာရိတ်မြေ)
(Jul 15/20 12:50AM)
Photo Credit-google