image source
ည၏ကောင်းကင်ယံကား လှပနေ၏။အခြမ်းလေး
မျှသာရှိတော့သော လခြမ်းကွေးကွေးလေး၏ဘေးဘက်ဝဲယာများတွင် ကြယ်ရောင်စုံများ ဝန်းရံကာဖြင့် အလှဆင်ထား၏။ထို လခြမ်းကွေးကွေးလေးသည်ပင် ကမ္ဘာမြေပေါ်သို့ နေရာ မလပ် ကောင်းစွာသောလရောင်များဖြန့်ကျက်ထားပါသည်။ငယ်သည်ဟူ၍ အရာမဝင်သည် အသုံးမကျသည်ဟု မထင်ကြလင့်။ထိုငယ်သော အရာတို့သည်လည်းသူ့အထိုက်နှင့်သူ လောကကြီးကို ကောင်းစွာအလှဆင်နိုင်စွမ်းရှိ၏တကား။
ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ည ပိုးကောင်
အော်သံများမှအပပေါ့။သန်းခေါင်ယံ ၂ချက်တီးအချိန်
ဖြစ်သည့်အလျောက် လူသားတို့ အိပ်စက်အနားယူကြ
သည့်အကောင်းဆုံးအချိန်ဖြစ်၏။ထိုကြောင့် ကမ္ဘာမြေသည် ပို၍ လှပနေသည်ဟုထင်ရ၏။ကမ္ဘာကြီးကို အလှဆင်ကြသည်ဟု အမည်ကောင်းခံယူထားကြသော
လူသားတွေဆိုတာ တကယ်တော့ အကောင်းဆုံးသော
အဖျက်သမားတွေပါပဲ့။လူသားတွေ ဘယ်လောက်ပင်
အလှဆင်သည်ဆိုစေကာမူ သဘာဝတရားက ဆင်သောအလှထက် တရွေးသားမျှပင် မပိုသည်ကို ကြည့်တတ်ရင် အမြင်သာကြီးပါဘိ။
image source
ယမန်ညသည် မိုးသားတိမ်စိုင်တို့ ကင်းလွတ်နေ၍
လခြမ်းလေးသည် ပို၍ တောက်ပစွာ လင်းလက်နေ၏။
ကြယ်ရောင်စုံလေးများသည် မှိတ်တုတ် မှိတ်တုတ်ဖြင့်
ဟိုတစ်ပွင့် ဟိုတစ်ကွက်ဖြင့် တည်ရှိနေကြ၏။ကောင်းကင်ကြီးကို မော့ကြည့်တိုင်း လှပသော ကြယ်လေးများကို တငေးတမော ထိုင်ကြည့်ချင်ကြည့် ကြလိမ့်မည်။
သို့သော် ကြယ်လေးတွေကို ရေတွက်ဖို့ကြ ငြင်းဆန်မိလိမ့်မည်။မဝံ့ရဲသည်ဆိုရင်ပို၍ မှန်လေမလား။ဒါကလည်း ငယ်စဉ်က လူကြီးသူမ များ၏ ကြယ်တွေကို မရေကြနှင့်၊မရေတွက်နိုင်လျှင် သွေးအန်တတ်သည်ဟူသော
ရှေးမှာတမ်းကြောင့်ပင်။ဘာကြောင့် လဲဆိုတာ တော့ယနေ့ ထိ နားမလည်ရိုးအမှန်ပါ။သို့သော် မြန်မာလူမျိုး
တော်တော်များများ၏ ခေါင်းထဲတွင် ဒီလို မှာတမ်း ရှိကြမြဲချည်းသာဖြစ်၏။ကလေးဘဝက ကြယ်လေးတွေကို
လုံးဝရေတွက်ဖို့ မဝံ့ရဲခဲ့သော်လည်း အရွယ်ရောက်
လာသည့် အခါတွင်မူ အသိစိတ်က ဒါမဖြစ်နိုင်တာဟု တွေးလာမိပေမဲ့ အမှန်တကယ်ရေတွက်ဖို့ ကျတော့လည်း မသိစိတ်၏ ပိတ်ပင်တားဆီးမှုကို ခံရမြဲပင်။၁၉နှစ်လုံးလုံး
စွဲလာခဲ့တဲ့ မသိစိတ်၏ လက်ခံထားမှုက တော်တော်လေးကို အမြစ်စွဲနေခဲ့ပြီထင်ပါ့။တကယ်တော့ ကလေးဘဝဆိုတာ အဖြူစင်ဆုံးဘဝတွေဖြစ်သလို လိုသလို အလွယ်တကူ ပုံသွင်း ထုဆစ်၍အကောင်းဆုံး ဖယောင်းတုံးလေးတွေပေါ့။ကလေးဘဝက ပုံသွင်းခဲ့တဲ့အတိုင်း
အရွယ်ရောက်လာသည့်အခါ လောကအလယ် ထုဆစ်
ထားတဲ့အတိုင်း ကခုန်ဖြစ်ကြမြဲပင်။
ညသည် တိတ်ဆိတ်ခြင်းနှင့် လှပခြင်းကို ယှဉ်တွဲ
ထား၏။နှင်းစက်တို့သည် အိမ်ခေါင်မိုးပေါ်သို့လည်ကောင်း သစ်ပင်၊သစ်ရွှက် အခိုင်းအခက်ပေါ်သို့လည်ကောင်း၊မဟာ ပထဝီမြေကြီးထက်သို့လည်းကောင်း တပေါက်ပေါက်အသံကို စက္ကန့်ခြား ပြု၍ ကခုန်ဆင်းစေကာ ညသည် အေးမြခြင်းကိုပါ ထပ်တိုးစေသည်။လရောင်ဖြာလေးများသည် သစ်ပင်၊သစ်ရွှက်တို့ပေါ်ကျရောက်ကာ ၄င်းတို့ပေါ်ရှိ နှင်းစက်လေးများပေါ်ထပ်ဆင့်ကျရောက်စေကာ လရောင်နှင့်နှင်းစက်တို့ပနံရပြီး တလက်လက်တောက်ပနေပါတော့သည်။လရောင်ဖြင့် လှပစေခြင်း၊တိတ်ဆိတ်ငြိမ်သက်စေခြင်း၊အေးမြခြင်းတို့ဖြင့် လူသားတို့ မရှိတုန်းခဏ လွတ်လပ်စွာ ပြုမှုခွင့်ရကြ၏။
ကျွန်ုပ်တို့ကျေးရွာများတွင် များစွာတိုးတက်မှုနှောင့်နှေးသည်နှင့်အမျှ လူတို့အလှဆင်၏ဟုဆိုသော လျှပ်စစ်မီး
များ ခေတ်မမှီသေးခြင်းသည် မကောင်းသည်ဟုဆိုဆို
ကောင်းသည်ဟုဆိုဆို ကျွန်ုပ်အတွက်တော့ ဤသို့ လရောင်ဆမ်းသော ည၏ အလှကို ပီပြင်စွာ မြင်ရခြင်းကား
ဖော်ပြမတတ်သော ကောင်းမွန်ခြင်းတစ်ရပ်ပင်။မြို့ပြတွင် ထိုသို့သော အလှမျိုးသည် မြို့ပြ၏လူနေမှုတို့ကြောင့်လွတ်လပ်စွာ မြင်ရခဲ၏။ခေတ်မှီလှပလှပါသည်ဆိုသောမြို့ပြတို့၏ အလှသည် ကျေးတောရွာလေး၏ လသာသော ညတစ်ညကိုတောင် မမှီဟုဆိုချင်ပါသည်။မဲဇာတော၌ နယ်နှင်ဒဏ်ကျရောက်ခဲ့သော လက်ဝဲသုန္ဒရ
အမတ်ကြီး၏နေရာ၌ ကျွန်ုပ်သာဆိုရင် ပျော်လွန်း၍
ထခုန်မိမလား မပြောတတ်ပေ။မဲဇာတောင်ခြေ ကဗျာ
ကို ကျောင်းသင်ခန်းစာ၌သင်ခဲ့ရစဉ်က အထီးကျန်ရမည့်အစား တောတောင်သဘာဝအလှကို ခံစားမိပြီး ကြည်နူးမိပါသေးသည်။ဤသို့ဖြင့် သန်းခေါင်ယံမှာ သာသောလ
ချင်းတူတူ ကျေးတောရွာလေးမှာ သာသောလက ပို၍
လှပသည်ဟုဆိုလိုက်ချင်ပါသည်တကား။ ။
image source