ကျွန်ုပ်တို့ ရွာကား သိပ်မကြီးကျယ်လှသော ရွာငယ်
လေးတစ်ရွာဖြစ်၏။အိမ်ခြေပေါင်း ၁၀၀ ပင်မပြည့်ပေ၊ရှေးက စည်ကားသိုက်မြိုက်သော ရွာတစ်ရွာ ဖြစ်ခဲ့သော်လည်း စီးပွားရေး အခြေအနေတို့ကြောင့် တနယ်တကျေးသို့လည်းကောင်း မြို့ပေါ်သို့လည်းကောင်း ပြောင်းရွေ့ခြေချသူ များပြားလာသောကြောင့် ကျွန်ုပ်ရွာလေး
ဟာ လူဦးရေ နည်းပါးသော ရွာလေးတစ်ရွာသို့ ပြောင်းလဲသွားခဲ့သည်မှာ ယနေ့တိုင်ဖြစ်လေသည်။
အိမ်ခြေနည်းပါးသော ရွာကလေးဖြစ်သည်နှင့်အညီ
ရွာစာသင်ကျောင်းမှာလည်း မူလတန်းအဆင့် ကျောင်း
မျှသာရှိ၏။ကျွန်ုပ်သည်လည်း ထိုကျောင်း၌ပင် မူလတန်းအဆင့်ပြီးစီးအောင် တက်ပြီးမှ မြို့ကျောင်းသို့ ပြောင်းရွှေ့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ကျွန်ုပ် ထူးထူးခြားခြား မှတ်မိသည်မှာ ရွာကျောင်းလေး၌ ရှိစဉ်က ထိုကျောင်း
၌ ကျောင်းအုပ်အပြောင်းအလဲ များပြားခြင်းဖြစ်၏။
ကျောင်းအုပ် မကြာခဏ ပြောင်းသော်လည်း စာပြဆရာမကား ကျောင်းအုပ်အပါအဝင်မှ ၃ဦးခန့်သာရှိ၏။
ဤသို့နှင့်ပင် ကျွန်ုပ်တို့ မူလတန်း အောင်ပြီး မြို့ကို ပြောင်းရွေ့သွားပြီးနောက် ရွာကျောင်းကလေးနှင့် ၆နှစ်တာမျှ အဆက်အသွယ်ပြတ်တောက်သွားလေတော့သည်။
ကျွန်ုပ် အထက်တန်းအောင်မြင်ပြီး ရွာသို့ပြန်ရောက်လာသည့်အခါ ကျွန်ုပ်တို့ ငယ်စဉ်က သင်ခဲ့သော ဆရာမ
တစ်ဦးမှအပ ကျန်အားလုံးမှာ အသစ်များဖြစ်၏။ရှေးကထက် စာပြ ဆရာမ ဦးရေ တိုးလာ၏။နိမ့်ကျနေသော
ပညာရေး ကို ကျောင်းအုပ်စီမံမှုဖြင့် သင်နည်းအသစ်များပြောင်းလဲသင်ကြားစေခြင်းဖြင့် ကလေးငယ်များ တိုးတက်လာသည်ဟု ထင်မိ၏။သို့သော် သိပ်မကြာမှီမှာပင်
ထိုကျောင်းအုပ် ပြောင်းရွှေ့သွားပြန်လေသည်။ကျွန်ုပ်မှတ်မိသည်မျှဆိုသော် ထိုအတောအတွင်းပင် ကျောင်းအုပ်၂ဦးမျှ ပြောင်းလဲသွားသည်ဟုထင်၏။
ထိုနောက် ကျွန်းစုမြို့မှ ဆရာတစ်ဦး ကျောင်းအုပ်
ရာထူးဖြင့် ရွာကျောင်းကလေးသို့ ရောက်လာ၏။ထို
ကျောင်းဆရာ ရောက်လာပြီး မကြာမှီမှာပင် အပြောင်း
အလဲ အများကြီးဖြစ်သွားလေသည်။ချီးကျူးစရာ ကောင်းလောက်အောင် တော်သည်ဟုဆိုရမည်ဖြစ်၏။ကလေးငယ်များ၏ ပညာရေးကိုလည်း အများကြီးပြုပြင်ပြောင်းလဲ နိုင်ခဲ့၏။ထို့အပြင် ကျောင်း ပညာရေးကိုအများကြီးတိုးတက်အောင် လုပ်နိုင်ခဲ့သည့်အပြင်ရွာ ခံများနှင့် ပူးပေါင်း၍ ကျေးရွာဘောလုံးပြိုင်ပွဲများ၌ ပြိုင်ဝင်စေခြင်းငှာ သူကိုယ်တိုင်အပါအဝင် ရွာဘောလုံးအသင်းကို လည်းဖွဲ့စည်းနိုင်ခဲ့လေသည်။ရှေးက အစစအရာရာ နိမ့်ကျနေသော ကျွန်ုပ်တို့ရွာကလေးသည် ထိုကျောင်းဆရာ လက်ထက်၌ အတော်လေးကိုတိုးတက်လာခဲ့၏။ရှေးက မရှိခဲ့သော ကျောင်းစုံညီပွဲတော်များကိုလည်း ကျင်းပပေးခဲ့၏။ထို့အပြင် ကျွန်ုပ်တို့ ရွာမှာ ဘယ်တုန်းကမှမရှိခဲ့သော ဆရာ၊ဆရာမ ဟောင်းများ အာစရိယ ပူဇော်ပွဲကြီးအား ပထမဆုံးအကြိမ် ခမ်းနားစွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။
ယခု ပို၍ထူးခြားသည်ကား တစ်သက်နဲ့တစ်ကိုယ်
မကြုံတွေ့ခဲ့ဖူးသော ရွာကျောင်း ရှင်ကထိန် ပွဲကြီးကို ကြီးကျယ်ရွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ကျောင်းသားလေးများအားလုံးကို ရှင်ပြု ၊ကျောင်းသူလေးများကို ယောဂီ ဝတ်စေခြင်း အမြတ်ဆုံးသောရှင်ကထိန်ကို စုပေါင်းအလှူငွေ၊ကျောင်းရန်ပုံငွေများဖြင့် ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါသည်။ရွာသူ ရွာသားများသည်လည်း တက်တက်ကြွကြွပင် ပူးပေါင်းပါဝင်ဆင်နွှဲကြသည်ကိုတွေ့ရ၏။ရှင်လောင်း
လှည့်သည့်နေ့တွင် ကျွန်ုပ်သည် ဤမျှပင် စည်ကား လိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်ပင်။ကျွန်ုပ်အဖေ အမေ အပါအဝင် ရွာသူ ရွာသားအားလုံးသည် အလှဆုံးပြင်ဆင်ဝတ်စားကြ ကာ ရှင်လောင်းလှည့် လိုက်ပါကြ၏။ကျောင်းဝင်းထက်စီမှ ဒိုးပတ်သံ ဆိုင်းဝိုင်းသံ တို့သည် ဘဝဂ်တိုင် ဟိန်းညံစီခဲ့ပါသည် ။ကျောင်းဆရာအပါအဝင် ကျောင်းသူကျောင်းသားလေးများ၊လူတိုင်းလူတိုင်း၏ မျက်နှာများသည် အပြုံးကိုယ်စီဖြင့် တင့်တယ်လှပနေကြ၏။ရှင်လောင်းလှည့်ပြီးနောက် ညနေခင်းအချိန်သမယတွင် သာမဏေလောင်းများအား ဆံချခြင်း၊ဧည့်သည်များနှင့်ရွာသူရွာသားအပေါင်းတို့အား တည်ခင်းကျွေးမွေးခြင်း၊ထိုနောက် ရှင်လောင်းများအား သာမဏေအဖြစ်သို့ သွတ်သွင်းခြင်းတို့ကို အသီးသီးပျော်ရွှင်ကြည်နူးစွာ ပြုလုပ်ကြပါသည်။အိုးသူကြီးအဖွဲ့တို့သည်လည်း မနက်ဖြန် ကျွေးမွေးဧည့်ခံရန်အတွက် ချက်ပြုတ်ပြင်ဆင်စရာများကို အားတက်သရော ဝိုင်းဝန်း ပြင်ဆင်ကြပါသည်။
မနက်အာရုံရောက်သည်အခါ ရဟန်းသံဃာများအား အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည့်မြင်ကွင်း၊ရဟန်းသံဃာများ၊သာမဏေများ၊ယောဂီငယ်များအား ကိုယ်စီကိုယ်ငှ ဆွမ်းခြောက်ခဲဖွယ်များ လောင်းလှူကြသည့်မြင်ကွင်းများသည် တစ်နေ့တာ၏ အလှဆုံးသော အမွန်မြတ်ဆုံးသော မြင်ကွင်များပင်ဖြစ်ပါသည်။ထိုနောက် ကြွရောက်လာကြသော ဧည့်ပရိသတ်တို့ကို ဆရာတော်ဘုရားမှ တရားသြဝါသ မိန့်ကြားတော်ကာ အလှူတော်၏ကောင်းမှုအစုစုကို ရေစက်သွန်းချ အမျှဝေကာ အောင်စေအောင်ကြောင်း ဗျောသံတညံညံဖြင့် အလှူတော်ကြီးကိုအောင်မြင်စေခဲ့ပါသည်။ကျောင်းအုပ်နှင့်တကွ ရွာသူရွာသားအပေါင်းတို့၏ အပြုံးများအပျော်များသည် ကျွန်ုပ်ကို ကူးစက်စေခဲ့ကာ ကြည့်ရင်းနှင့်ပင် ပီတိအပြုံး နှလုံးဆီဖုံးကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့်
ဤအဖြစ်အပျက်များကို ကမ္ဗည်း မှတ်တမ်း တင်နိုင်ခဲ့
သည်တကား။