မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
Meditation ပြုလုပ်တဲ့နေရာမှာ ထိုင်ပြီးအားထုတ်တာ အကောင်းဆုံးပါ။ အချိန်မပေးနိုင်လို့ ဝင်လေထွက်လေ ကို အလုပ်လုပ်ရင်း သွားရင်းလာရင်း မှတ်တာက ကောင်းပေမယ့် စိတ်တည်ငြိမ်မှုခေါ် သမာဓိပိုင်းနဲ့ပက်သက်ရင် စိတ်ငြိမ်ရာမှာ ထိုင်ပြီး တရားထိုင်တာလောက် မတိုးတက်ဘူး။ သမထပိုင်းပို ဦးတည်ပြောနေတာပါ။ အာနာပါနဆိုတာကလည်း ပထမပိုင်းက သမထပါဘဲ။ နောက်အဆင့်တွေမြင့်မှ ဝိပဿနာဘက် ကူးရတာ။ ပထမ စလုပ်ရတာက သမထပိုင်းပါ။ အချိန်မပေးလို့တော့ မရဘူး။ ကျွန်တော်ယခုအာနာပါန ဆွေးနွေးတင်ပြတဲ့ အပိုင်းမှာ ဆရာတော်ပေါင်းစုံရဲ့ နည်းစနစ်တွေကို တင်ပြမှာပါ။ မိမိနဲ့ အဆင်ပြေစေမယ့် နည်းစနစ်ကို ယူသုံးပါ မိတ်ဆွေ။ ဥပမာ ဂဏာန်းစဉ်ရေတွက်တဲ့နည်းမှာ ကန္နီဆရာတော်ဘုရားကြီးက သူ့အစုလိုက် ခန္ဓာကိုယ်ပေါ်မှု စိတ်နဲ့ပုံတဲ့နည်း သုံးပေမယ့် ၊ ဖားအောက်ဆရာတော်ဘုရားကြီး ကတော့ ဂဏာန်းကိုဘဲရေတွက်စေပြီး ဟိုပုံဒီပုံကို အားမပေးဘူး။ ဘယ်လိုဘဲကွဲလွဲကွဲလွဲ သတိမြဲဘို့ အဓိက ဟောကြားကြပါတယ်။ ကန္နီဆရာတော်ကြီးက တကယ့်ဉာဏ်ထိုင်းလွန်း သတိမကောင်းတဲ့သူတွေ လုပ်လို့ရအောင် နည်းပြတဲ့သဘောပါ။ ရှေ့လာမယ့်အပိုင်းတွေမှာလည်း ချဉ်းကပ်ပုံကွဲလွဲရင် အဆင်ပြေရာ ယူကြပါ။ ကျွန်တော်က ဆရာတော်တစ်ဦးရဲ့ နည်းစနစ်တစ်ခုဘဲ တင်ပြတာမဟုတ်တဲ့အတွက် မျက်စိလည်မှာ စိုးရိမ်လို့ပါ။ သဘောတရားနဲ့ ပန်းတိုင်ကတော့ အတူတူပါဘဲ။
ကျွန်တော်အာနာပါနပိုင်းကို အဓိကမှီငြမ်းရေးသားမယ့် ဆရာတော်စာအုပ်တွေက မောင်းထောင်မြေဇင်းတောရဆရာတော်(ကန္နီနည်း) ၊ ဖားအောက်ဆရာတော်ဘုရားကြီး ၊ အရှင်နန္ဒမာလာဘိဝံသ(ပါချုပ်) စသဖြင့်ဆရာတော်တွေရဲ့ စာအုပ်တွေကို မှီငြမ်းရေးသားမှာဖြစ်ပါတယ်။
ဒီနေ့ဆက်လက်တင်ပြမှာက အာနာပါနဒုတိယအဆင့်ဖြစ်တဲ့ ဒုမှာရှည်တို သိ ဆိုတဲ့အပိုင်းနဲ့ တရားထိုင်ခြင်းကြောင့် အရောင်အလင်းနိမိတ်တွေဖြစ်ပေါ်ပုံ တွေကို ဆွေးနွေးသွားပါ့မယ်။ ပထမနည်းအတိုင်း ဝင်လေထွက်လေကို သတိထားစောင့်ကြည့်တဲ့ အလေ့အကျင့်များလာရင် စိတ်ကထိုနေရာမှာ ပိုအာရုံတည်မိနေပါတယ်။ သတိအားကောင်းလာသလို ဖြစ်စဉ်တွေကို သတိထားမိလာပါတယ်။ ဝင်လေ ဝင်တဲ့အရှည်အတို ၊အနှေး အမြန် (ကြာချိန်) ၊ ထွက်လေရဲ့ အရှည်အတို ၊မြန်မြန်ထုတ်တာ နှေးနှေးထုတ်တာ စသဖြင့် processရဲ့ အသေးစိတ်ကို သတိထားမိလာပါတယ်။ ဒုတိယအဆင့်က ဘာအထူးပြုလုပ်ရမလဲဆိုတော့ ဝင်လေဝင်တဲ့အချိန်မှာ ရှည်ရင် ရှည်တယ် တိုရင်တိုတယ် မှတ်ပေး သိပေးရုံပါဘဲ။ ဆိုလိုရင်းကတော့ မြန်မြန်ရှူ တာနှေးနှေးရှူတာပါဘဲ။ ထွက်လေထုတ်တဲ့အခါမှာလည်း ရှည်လားတိုလား မြန်လားနှေးလားဆိုတာကို သတိထားရမယ်။ ကိုယ်ကcontro မလုပ်ရဘူးနော်။ ဝင်လေထွက်လေ လေးသွားနေတာကို အရှည်အတိုသိပေးရုံဘဲလုပ်ပေးရမှာ။ပါးစပ်ကဖြစ်စေ စိတ်ထဲကဖြစ်စေ ရှည်တယ်တိုတယ်လည်း လိုက်မှတ်စရာမလိုပါဘူး။ သိပေးရုံဆိုရပါပြီ။ စိတ်ကလေးထိုနေရာမှာ ပိုကိန်းဝပ်အောင် detail စောင့်ကြည့်ခိုင်းတဲ့သဘောပေါ့။ ထိုအဆင့်ရောက်ရင် စိတ်ရဲ့တည်ကြည်မှု ၊ငြိမ်သက်မှုဟာ အရမ်းကောင်းနေပြီ။ သမာဓိတွေကောင်းလာပြီပေါ့ဗျာ။
သတိအားကောင်းလေလေ သမာဓိအား ကောင်းလေလေပါဘဲ။ သတိအားကောင်းအောင် ဝီရိယနဲ့ ထိုးတင်ပေးရတယ်။ သမာဓိအပိုင်းမှာ သတိနဲ့ဝီရိယက အရေးကြီးဆုံးဘဲ။
သတိအားတွေကောင်းလာရင် မိတ်ဆွေတို့ မျက်စီမှိတ်ထားပေမယ့် အရောင်အလင်းပြိုးပြိုးပျက်ပျက်တွေ မြင်ရတတ်တယ်။ မျက်စိရှေ့မှာ မီးခိုရောင်လိုလို၊မီးခိုးတန်းလိုလို၊ နှင်းမှုန်းလိုလို၊ ဝါဂွမ်းစိုင်လိုလို၊ ပေါ်လာပါတယ်။ ထိုဟာကို ကမ္မဌာန်းအာရုံကြောင့် ဖြစ်တဲ့ နိမိတ်လို့ခေါ်တယ်။ တစ်ယောက်နဲ့တစ်ယောက်ပေါ်တာ မတူပါဘူး။ သညာကြောင့်ဖြစ်လာလို့ တစ်ယောက်နဲ့တစ်ယောက် ပေါ်လာတဲ့ပုံစံမတူပါဘူး။ ထိုနိမိတ်ဖြစ်ပေါ်စမှာ အားထုတ်သူဟာ အာရုံပြောင်းသွားတတ်တယ်။ ဝင်လေထွက်လေမမှတ်ဘဲ ထိုအာရုံတွေဆီ စိတ်ရောက်တတ်တယ်။ တကယ်တမ်းလုပ်နေရမှာက ပင်တိုင်ကမ္မဌာန်းဖြစ်တဲ့ ဝင်လေထွက်လေပေါ်မှာဘဲ သတိကပ်ထားရမှာပါ။ ဘာကြီးဘဲပေါ်လာပေါ်လာ စိတ်မရောက်ဘဲ ဝင်လေထွက်လေမှာဘဲ သတိကပရမှာပါ။ ဟိုရောက်ဒီရောက်ဆိုရင် သမာဓိမတက်ပါဘူး။ အလွယ်ပြောရရင် သတိစွမ်းအားတွေမြင့်သထက် မြင့်လာမှ ထိုနိမိတ်ကို ကြည့်ရမှာပါ။ မျက်လုံးရှေ့ ဓာတ်မီးနဲ့ ထိုးသလိုလင်းနေပါစေ ဝင်လေထွက်လေဘဲ သတိကပ်ရမှာပါ။ တစ်ချို့က ပထမအဆင့် မှာဘဲ နိမိတ်ပေါ်တက်သလို တစ်ချို့က ဒုတိယအဆင့်မှနိမိတ်ပေါ်ကြပါတယ်။ သတိစွမ်းအားကောင်းရင်ကောင်းသလို မြန်ဆန်စွာ ပေါ်ကြပါတယ်။ နိမိတ်ကိုဖြစ်ပေါ်ချင်တဲ့စိတ်နဲ့ မမှတ်ပါနဲ့။ ကိုယ့်သတိစွမ်းအား သမာဓိစွမ်းအားတိုးလာရင် မြင်ရမှာပါ။ လိုချင်မှုနဲ့လုပ်ရင် ပေါ်ခဲတယ်။ ထိုနိမိတ်အပိုင်းကို အာရုံမရောက်နဲ့ ၊ကိုယ့်ပင်တိုင်အလုပ်ဘဲ အထူးဂရုစိုက်သိမှတ်ရမှာပါ။ထိုအဆင့်မှာ ရှေ့ဘဝအကြောင်းတွေပေါ်လာတတ်သလို ဘာလုပ်ပါညာလုပ်ပါလို့ ခိုင်းစေတာတွေညွှန်ကြားတာတွေ တွေ့ဆုံရတတ်တယ်။ မေတ္တာပို့ပြီး ကိုယ့်အလုပ်ကိုဘဲ သတိအားကောင်းကောင်းနဲ့ဆက်လုပ်နေပါ။ တစ်ချို့လမ်းချော်ပြီး ဂဏာန်းပေးတာတို့ ဗေဒင်ဟောတာတို့ဘက်ရောက်သွားတတ်တယ်။ သမာဓိအစွမ်းကြောင့် ရှေ့ဖြစ်နောက်ဖြစ်တွေမြင်တာကိုသာယာသွားတတ်တယ်။ တကယ်တမ်း ထိုအစွမ်းလောက်က ဘာမှမဟုတ်သေးပါဘူး။ ဒိထက်ကောင်းတဲ့အကျိုးတရားပိုင်းတွေ အများကြီးရှိပေမယ့် အချို့လမ်းချော်ပြီး ကိုယ်သွားရမယ့်လမ်းကို ဆက်မလုပ်ကြတာ နှမြောဘို့ကောင်းတယ်။ ရွှေလက်ကောက်ကို ကြေးလက်ကောက်နဲ့လဲသလိုပေါ့ဗျာ။ နိမိတ်မှာပထမဆုံးပေါ်တာက ပရိကမ္မနိမိတ် ၊ဒုတိယအဆင့်က ဥဂ္ဂဟနိမိတ် ၊တတိယအဆင့်က သောက်ရှူးကြယ်လိုလင်းတဲ့ ပဠိဘာဂနိမိတ်(သတ်ပုံမှန်ရေးမရလို့) ဆိုပြီး ၃ မျိုးရှိပါတယ်။ သမာဓိအစွမ်းကြောင့် ရလာတဲ့ အရောင်းအလင်း သဘောပါ။လောလောဆယ်ဗဟုသုတအနေနဲ့ဘဲမှတ်သားထားပါ။ ထိုအဆင့်ရောက်ရင် ဆရာနဲ့လုပ်တာပိုကောင်းပါတယ်။ ကျွန်တော်က လမ်းစဉ်ကိုဘဲအဓိကထား တင်ပြဆွေးနွေးပါမယ်။ ကုသိုလ်ရအောင် sharingလုပ်တဲ့အဆင့် ၊ မိတ်ဆက်ပေးရုံအဆင့်ဘဲ လုပ်နိုင်ပါတယ်။ တကယ်ထိုအဆင့်ရောက်ရင်တော့ ဆရာသမားကောင်းရှာ ၊ရိပ်သာတွေသွားပြီး အားထုတ်ရင် တရားအသိတွေ ပိုမြန်ဆန်တိုးတက်စေပါတယ်။ဒီနေ့တော့ ဒိလောက်န့ဘဲ နိဂုံးချုပ်ပါရစေ။
အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ကျမ်းကိုး- ဒဿနပါရဂူကျမ်း (မြေဇင်းတောရဆရာတော်)
အာနာပါနသုတ္တန်(ဖားအောက်ဆရာတော်)