မောင်ဇော်သည် ရွှေဘိုမြို့မှ ဘဏ်တစ်ခု၏ စာရေးတစ်ယောက်ဖြစ်ပြီး လူပျိုကြီးခေါ်ရခါနီး အသက်(၃၀)အရွယ်ရှိ လူလတ်ပိုင်း တစ်ယောက်ဖြစ်လေသည်။မောင်ဇော်တွင် အဖေသာရှိတော့သည်။အမတစ်ယောက်ရှိသော်လည်း အမဖြစ်သူသည် အိမ်ထောင်ကျသွားတည်းက ယောက်ျားအိမ်တွင် လိုက်နေရသောကြောင့် တစ်မြို့တည်းတွင် ဖြစ်သော်လည်း အကြောင်းကြီးငယ်ရှိသည့်အခါမှအပ မတွေ့ဖြစ်ကြ။
credit source
မောင်ဇော်သည် မိခင်ကြီးရှိစဉ်က မီးဖိုချောင် မဝင်ရ အိမ်မှုကိစ္စ မလုပ်ရ သော်လည်း မိခင်ကြီးကွယ်လွန်သွားသောအခါ သာဖနှစ်ယောက် စားရေးသောက်ရေးအတွက် မော်ဇော်ကိုယ်တိုင် ချက်ပြုတ်ရပြီး အိမ်မှုကိစ္စများကိုလည်း မောင်ဇော်ကိုယ်တိုင်ပင်ပြုလုပ်ကာ ဖခင်ကြီးကို တရားနှင့်သာ နေစေလေသည်။
မောင်ဇော်၏အမဖြစ်သူ မသူသည် တစ်ခါတရံ မောင်ဇော်တို့အိမ်သို့ မောင်ဇော်အလုပ်ပိတ်ရက်များတွင် သူမ၏ သမီးလေးကို ခေါ်လာကာ ညအိပ်ညနေ အလည်လာတက်လေသည်။ယ္ခုလည်း
မောင်ဇော်တို့အိမ်သို့ မသူတို့သားအမိလာလည်မည် ဆိုသဖြင့် မောင်ဇော်တစ်ယောက် မနက်စောစောထကာ ဟင်းချက်စရာဝယ်ရန် ဈေးသို့ ထွက်ခဲ့လေသည်။
မောင်ဇော်နှင့်မသူတို့ မောင်နှမမှာ ဆင်းရဲနွမ်းပါးသော ဘဝမှလာခဲ့သောကြောင့် ဟင်းချည်း(ဂျီး)မများတတ်ပါ။သို့သော် မောင်ဇော်၏တူမလေးပါ ပါလည်မည်ဖြစ်ကြောင့် အသားဟင်းတစ်ခွက် ထည့်ချက်ရန်စီစဉ်ရသည်။မောင်ဇော်တစ်ယောက် ဟင်းအစပ်အဟပ်ကို တွေးကာ ကြက်သား အားလူး မုံလာဥဖြူ ငပိရည်နှင့်တို့စရာတို့ ဝယ်ကာ အိမ်ပြန်လာခဲ့လေသည်။
အိမ်ပြန်ရောက်လျှင် အားလူးနှင့်ကြက်သားရောကာချက်သည်။မုန်လာဥ ချဉ်ရည်ကျိုသည်။ငပိရည်ကျိုပြီး တို့စရာ ရေနွေးဖျောထားလိုက်သည်။မောင်ဇော် ဟင်းချက်အပြီး ဖခင်ကြီး ဘုရားဆွမ်းတော်ကပ်ရန် ပြင်ဆင်ပေးပြီး ဖခင်ကြီးအား ဆွမ်းတော်ကပ်စေသည်။ထို့နောက် မောင်ဇော်တစ်ယောက် သတင်းစာဖတ်ရင်း အနားယူနေစဉ် ခြံတံခါးမှ လူခေါ်ခေါင်းလောင်းအဆက်မပျက်လှုပ်သံးနှင့်အတူ ချစ်တူမလေး၏ အသံချိုချိုလေးဖြင့်"ဦးဦးဇော်…ဦးဦးဇော်ရေ"ဟူသော ခေါ်သံကိုကြားလိုက်ရသည်။
မောင်ဇော်တစ်ယောက် ခြံတံခါးကို အပြေးကလေးဖွင့်ကာ တူမလေးကို ဆီးကြိုပွေးဖက်နှုတ်ဆက်ရင်း " အမလေး ကြည့်စမ်းပါအုံး…ဦးဦး မီးမီးလေးက လှလာလိုက်တာ… လူကောင်ကြီးကလဲကြီးလာပြီ…လာမမသူ အိမ်ထဲကိုဝင်…ခဏတစ်ဖြုတ်နား…ရေးလေးဘာလေးချိုးပြီး…ဒို့တတွေ ထမင်းကို တပျော်တပါးကြီး စားကြတာပေါ့"ဟုစကားကို အဆက်မပြက်ပြောကာ အိမ်းထဲဝင်လာခဲ့ကြသည်။
ဖခင်ကြီးလည်း အောက်ထပ်မှ အသံများကိုကြားပြီး ဘုရားဆွမ်းတော်အမြန်ကပ်ကာ အိမ်ပေါ်မှဆင်းလားခဲ့လေသည်။"မြေးလေးတို့ရောက်လာပြီလား…ငါ့မြေးက ချောလာလိုက်တာ…ဖိုးဖိုးဆီလာစမ်းပါအုံး"ဟု ဝမ်းသာအားရ ချစ်မြေးလေးကို ပွေ့ချီလိုက်ပြန်သည်။ထိုအခါတွင် မသူမှာ"အမလေး…အဖေနဲ့ မောင်လေးများ အဖြစ်သည်းနေလိုက်ကြတာ…လူကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး"ဟုရန်တွေ့လေသည်။ထိုအခါမှ ဖခင်ကြီးသည်"သမီးကတော့ လုပ်ပြီ…ငါ့သမီးကြီးလည်း လှလို့ဝလိုပါလားကွာ…ဟားးး…သမီးကြီးရေသွားချိုးတော့…ပြီးရင်ထမင်းစားမယ်"ဟုပြောလိုက်သည်။
မသူရေချိုးပြီး၍ ထမင်းဝိုင်း ပြင်ပြီးစားကြသောအခါ မောင်ဇော်သည် ဖခင်ကြီးနှင့် မသူကိုဟင်းများဦးချအပြီး တူမလေးပန်ကန်ထဲသို့ ဟင်းထည့်ပေးသောအခါ တူမလေးက" ဦးဦးဇော်…မီးမီးပန်ကန်ထဲအာလူး မထည့်နဲ့ မီးမီး မစားဘူး "ဟုပြောလာသည်။
မောင်ဇော်က"ဘာလို့မစားတာလဲမီးမီးရဲ့ အာလူးစားမှ အားရှိမှာ… ညဏ်လဲကောင်းမှာ… အသားလဲဖြူလာမှာပေါ့ မီးမီးရဲ့…"
ထိုအခါ မသူက"နင့်တူမက ဟင်းဂျီးများတယ် မောင်လေးရေ… ငါတို့တုန်းက ဟင်းကောင်းလေးတစ်ခွက်စားရရင် ပျော်နေကြတာ"ဟုပြောလိုက်သည်။မောင်ဇော်မှပြန်၍
"မမသူ မီးမီးလေးကို ကျွန်တော်တို့ ငယ်ငယ်က အာလူး စားရဖို့ သူများအခင်းထဲက ခိုးခဲ့လို့အရိုက်ခံရပုံလေး ပြောမပြဘူးလား…"
"အေး…မပြောမိဘူးဟ"
ဒါဆိုရင် မီးမီးလေးနားထောင်။ ဦးဦးဇော်တို့ ငယ်ငယ်က ဒီလိုအသားတောင်မပါပဲ အာလူးလေးကိုပဲစားချင်လို့ သူများစိုက်ထားတဲ့အခင်းမှာ သွားခိုးခဲ့ရပုံကိုပြောမယ်။စောစောက ပျော်ရွှင်နေသော ထမင်းဝိုင်းလေး၌ ယ္ခုအခါမှာ လူကြီး(၃)ဦး၏ မျက်ဝန်းတွင် မျက်ရည်တို့ ဝဲနေကြသည်။