အားလပ်ရက် စနေနေ့လေးမှာ ညီအမတစ်စု အိမ်မှာစုံကြတယ်။ ဖုန်းတွေနဲ့အဆက်အသွယ်တွေ ရှိကြပေမင့် လူချင်း တွေ့တော့လည်း ပြောစရာစကားတွေက ရှိနေဆဲပင်။
နေပြည်တော်က အစ်မအလည်ရောက်ခိုက် ဖက်ထုပ်ကြော် လုပ်စားဖြစ်ကြသည်။ ဖက်ထုပ်ထဲထည့်တဲ့ ကျွတ်စာကို ကျမကတော့ သိပ်မကြိုက်ပေမယ့် အိမ်ကတူမတွေက အလွန်ကြိုက်သဖြင့် ဖက်ထုပ်ထဲ စိမ်းမြနေအောင်ထည့်ထားသည်။
လိုအပ်တဲ့အဆာပလာတွေ ထည့်ပြီးသည့်အခါမှာတော့
ကျမလက်စွမ်းပြချိန်ရောက်ပြီ။ ဝယ်စားတဲ့ဖက်ထုပ်ကြော် တွေက အဆာကနည်းနည်း ဖက်ထုပ်ရွက်ကများများ၊ ဒါမျိုးကိုကျမ
မကြိုက်။ ကိုယ့်အိမ်မှာလုပ်တာဆိုတော့ ကိုယ်ကြိုက်သလို အစာအပြည့်နီးပါးထည့်။ ပြီးတော့ ဖက်ထုပ်ရွက်ကို ရေလေးနည်းနည်းတို့ပြီး ကြည့်ခဲ့ဖူးတဲ့ ဖေ့ဘုတ်က ဗီဒီယိုဖိုင်တွေထဲကလို မျိုးစုံလက်စွမ်းပြဖို့ကြံသည်။
သို့ပေမင့် တကယ့်လက်တွေ့ကျ ဘာတခုမှ မမှတ်မိပေ။ စားကောင်းရင်ပြီးတာပဲလို့ စိတ်ဖြေပြီး ကိုယ်လုပ်တတ်သလို အနားတွန့်လေးတွေပဲ လုပ်လိုက်ရသည်။ အမကတော့ အထွေအထူး လုပ်မနေပဲ ဖက်ထုပ်ရွက်အနားကို ဒီတိုင်း ကပ်ချလိုက်သည်။ အားလုံးလုပ်ပြီးတော့ ကြော်ဖို့ကို အမကို တာဝန်ပေး၊ အချဉ်ကို တူမကိုလုပ်ခိုင်း၊ အသီးသီး တာဝန်ခွဲပေးပြီးတော့မှ ရေချိုးဖို့ပြင်ဆင်ရသည်။
ဖက်ထုပ်ကြော်ပြီးရင်လဲ ဓာတ်ပုံရိုက်ထားဖို့ တူမကို အသည်းအသန်မှာရသည်။ အိမ်ကလူတွေက လက်အလွန်သွက်သည်။ ဓာတ်ပုံရိုက်ဖို့ပြောမထားလျှင် ကိုယ်ရေချိုး ပြီးချိန်ဆို ဘာမှ လက်စလက်နကျန်မှာမဟုတ်။
ဒီလောက် အလုပ်ရှုပ်တဲ့ကြားက နောက်တစ်ခါ အချိန်ရလျှင် ပုစွန်ဆိတ်လေးများကို ကြိတ်ပြီး ကြော်စားအုံးမည်လို့ စိတ်ကူးထားသည်။ ထိုနောက်တခါကတော့ အချိန်ဘယ်လောက် ကြာအုံးမည်မသိပေ။