“ အမတ်ကြီးကွီးရွှေနှင့် တရုတ်ပြည်မှ အရှုတ်တော်ပုံ(၂) ”
ရက်အဟောင်းများလွန်လို့ ရက်သစ်များ ရောက်ခဲ့ချေပြီ။ တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီး တစ်ရက် အချိန်များလည်း ကုန်လွန်ခဲ့ပါပြီ။ အမတ်ကြီးကွီးရွှေတစ်ယောက် မိမိ၏ စံရိပ်ငြိမ် တဲပလုတ်အိမ်လေးရှေ့တွင် လူးလာခေါက်ပြန် လမ်းလျောက်နေချေ၏။ တစ်စုံတစ်ခု ကိုလည်း အသည်းအသန် စဉ်းစားနေသည့်အလား လမ်းလျောက်နေရင်းမှပင် တစ်ချက် တစ်ချက်တွင် နဖူးကြောကြီးများ ရှုံ့သွားသည်၊ မျက်မှောင်ကြီးများကုပ်သွား သည်အထိ နက်နက်နဲနဲပင် စဉ်းစားနေချေသည်။ အမတ်ကြီးလမ်းလျောက်ရာ တဲအိမ်လေး၏ အရှေ့တွင်ကား အမတ်ကြီး၏ ခြေရာများသည် ထပ်၍ထပ်၍ လမ်းဖုံဖုံလေးပင် စွတ်ကြောင်း အရာ ထင်နေတော့သည်။ အမတ်ကြီးကွီးရွှေ ဤမျှခေါင်းခြောက်အောင် စဉ်းစားနေသည့် အကြောင်းအရာသည် မည်သို့သော အကြောင်းရာဖြစ်နေသနည်း။ ထိုအကြောင်းကို ရှင်းလင်းစွာ သိရန် နောက်ကြောင်းပြန်ခြင်း အနည်းငယ် ပြုရပါတော့မည်။
လွန်ခဲ့သည့် အချိန်အခါက အမတ်ကြီးကွီးရွှေနှင့် ပတ်သက်၍ အရှက်တကွဲ အကျိုးနဲခဲ့ လေသော တရုတ်ပြည်မှ အမတ်ကြီးတို့သည် နောက်တစ်ကြိမ်အဖြစ် မြန်မာအမတ်ကြီးတို့ မဖြေနိုင်သော၊ မဖြေရှင်းနိုင်သော အမှုတစ်ခုလုပ်မည်ဟု အညှိုးကြီးစွာဖြင့် တိုင်ပင်စီစဉ်ကြ လေသည်။ ထို့နောက်တွင်တော့ ထုံးစံအတိုင်း စတင်းမြန်မာတိုင်းပြည်သို့ အမှုတစ်ခုအား ယူဆောင်လာကာ ထိုအမှုအား မဖြေရှင်းနိုင်ပါက စတင်းမြန်မာတိုင်းငံရှိ စတင်းနှင့် အက်စ်ဘီဒီဟူသော တွင်းထွက်ရတနာများကို သိမ်းပိုက်မည်ဟု ရာဇသံပေးလာကြ လေသည်။ တရုတ်အမတ်ကြီးတို့ ယူဆောင်လာသော အမှုမှာ -- “သူတို့နှင့်အတူပါလာသော တရုတ်လက်မှုပညာရှင်နှင့် ယှဉ်ပြိုင်ကာ ရေငုပ်ရမည်၊ ထိုသို့ရေငုပ်နေရင်းမှပင် လက်မှုပညာဖြင့် ပစ္စည်းတစ်ခု ရက်လုပ်ရမည်၊ ရေကြာကြာငုပ်၍ ပစ္စည်းကောင်းကောင်း ရက်လုပ်နိုင်သူဘက်က အနိုင်ရမည် ဟူသတည်း”။
ထိုအရေးကိစ္စနှင့် ပတ်သက်၍ စတင်းရွှေနန်းတော်အရှင် ဘုရင်မင်းတရားကြီးမှ ယခင်က ကဲ့သို့ပင် တရုတ်တို့ပညာစမ်းခြင်းကို အမတ်ကြီးကွီးရွှေကပင်လျင် ဦးဆောင် ဦးရွက်ပြုကာ ဖြေရှင်းစေလေတော့သည်။ အမတ်ကြီးကွီးရွှေသည်သာလျင် ဥာဏ်နီဥာဏ်နက် များလေ သဖြင့် ဥပါယ်တံမျဉ်ဖြင့် အနိုင်ယူဖြေရှုင်းနိုင်မည်ဟုလည်း ရွှေနန်းရှင်မှ ယုံကြည်နေ လေသည်။ သို့ကြောင့်ပင် တရုတ်အမတ်ကြီးတို့ ဥာဏ်စမ်းပဟေဠိသည် အမတ်ကြီးကွီးရွှေ ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာလေတော့သည်။
ထိုထိုသော အကြောင်းကြောင့်ပင် အမတ်ကြီးကွီးရွှေတစ်ယောက် သူ၏တဲအိမ်လေး အရှေ့တွင် ချောင်းပေါက်မတတ် ခေါက်တုန့်ခေါက်ပြန် လမ်းလျောက်ရင်း အကြံဥာဏ် ထုတ်နေရခြင်းဖြစ်သည်။ အမတ်ကြီးလမ်းလျောက်နေရာ တစ်လျောက်တွင်ကား တစ်လိပ် ထုတ်ကာ မီးညှိလိုက် လွင့်ပစ်လိုက်နှင့် ရက်ရူဘီစီးကရက် အတိုအထွာတို့ သည်ကား ပြန့်ကြဲနေလေတော့သတည်း။
ထိုသို့ပင် အမတ်ကြီး၏ ဦးခေါင်းမှမီးခိုးတလူလူ ထွက်လုမတတ် စဉ်းစားနေရခြင်းမှာ အကြောင်းရှိသည် တရုတ်အမတ်ကြီးတို့နှင့် အတူပါလာသော ရေငုပ်ပြီး လက်မှုပစ္စည်း ရက်လုပ်မည့် ပညာရှင်မှာ အလွတ်တော်သောသူဖြစ်နေသောကြောင့်ပင်။ ထိုသူ၏ လက်မှုပညာအစွမ်းမှာ လက်ဖျစ်တတွက်အတွင်း တစ်ထွာပတ်လည် ခြင်းတောင်းတစ်လုံး ရက်လုပ်ပြီးစီးနိုင်သည်ဟူသတတ်။ အံမခန်း ပညာရှင်ကို ခေါ်လာကာ အနိုင်ယူမည့် တရုတ်တို့အား အမတ်ကြီးကွီးရွှေတစ်ယောက်မည်သို့ ပြန်လည်ချေပကာ ဖြေရှင်းအနိုင်ယူ မည်နည်း။
အချိန်တို့သည် တရွေ့ရွေ့ ကုန်လွန်သွားကြလေသည်။ အမတ်ကြီးကွီးရွှေသည်လည်း တစ်နေကုန်ပင် လမ်းသလားကာ အကြံထုတ်နေရသည်မှာ ပင်ပန်းလွန်းလှသဖြင့် တဲအိမ်လေးရှေ့သို့ ပြန်သွားကာ ပက်လက်ကုလားထိုင်တွင် ခြေပြစ်လက်ပြစ်ထိုင်ချ လိုက်တော့သည်။ ဒီတစ်ကြိမ်တော့ တရုတ်အမတ်ကြီးများ၏ ပညာစမ်းခြင်းကို မဖြေရှင်းနိုင် ဖြစ်ပေတော့မည်ဟု တွေးရင်းတွေးရင်း စိတ်ဓာတ်တို့သည် အကျကြီးကျနေမိတော့သည်။ ပက်လက်ကုလားထိုင်လေးပေါ်မှ တောင်စွယ်တွင်နေကွယ်တော့မည်ကို ကြည့်ရင်း အမတ်ကြီးကွီးရွှေမှာ မရွှင်နိုင်မလန်းနိုင် ညှိုးငယ်နေရကာ သာခွေယိုင်ဘ၀သို့ ရောက်နေရ တော့သည်။
နေရောင်သည်လည်းကွယ်တော့မည်၊ တဲအိမ်လေးနှင့် မလှမ်းမကမ်းမှ အုန်းပင်များ ထက်တွင်လည်း ကျေးငှက်တို့သည် တစာစာနှင့် အိပ်တန်းတက်ရန် ဆူညံနေကြ တော့သည်။ ထိုအချင်းအရာကို ထိုင်နေရာမှ လှမ်းမြင်နေရသော အမတ်ကြီးကွီးရွှေ ၀မ်းသာအားရ ထခုန်ကာ ကွေးနေအောင်“က”လေတော့သည်။ အမတ်ကြီးကို လုံခြုံရေးအရ စောင့်နေသော မင်းချင်းလေးမှာ ရုတ်တရက် ထခုန်ကာ “က”နေသော အမတ်ကြီးကွီးရွှေကို ကြည့်ကာ အံ့သြတစ်ကြီးဖြစ်ရလေတော့သည်။ အမတ်ကြီးကွီးရွှေတစ်ယောက်သည် အမှုအကြောင်း အစဉ်းစားလွန်၍ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ ရူးနှမ်းသွားပြီဟုလည်း တွေးထင်နေမိတော့သည်။
နောက်တစ်နေ့ မိုးသောက်လျင် ပြိုင်ပွဲစလေတော့မည်-----။
-----ဆက်ပါအုန်းမည်-----
Writing End Time >>> 8:30 PM (30.6.2018)
#Myanmar #Writing #Satire #Blog #Funny