ဒီနေ့တော့ ငါးဟင်းချက်မယ်ရှင့်။(Original content by thirimay)
မြန်မာငွေ ၁၅၀၀ ဖိုး(1.1 US$)
ကျမတို့တောမှာနေရတာ ညောင်ရမ်းကန်ကရတဲ့ ငါးလတ်လတ်ဆတ်ဆတ်ကို ဈေးချိုချိုနဲ့ ဝယ်စားရတာ တော်တော်လေးတန်ပါတယ်။
ဂျပန်ငါး လတ်လတ်ဆတ်ဆတ် ၅၀ သားကိုမှ ၁၅၀၀ ကျပ်ပဲပေးရပါတယ်။အပို အဆစ် ငါးဖါးမ(ငဖားမ)တွေလည်း ထည့်ပေးပါတယ်။ဒါ့အပြင် ကြေးချွတ်၊ခေါင်းဖြတ်၊ဗိုက်ခွဲ၊အူထုတ် အဲဒါတွေပါ လုပ်ပေးသွားသေးတယ်။အခု ကျွန်မ ဝယ်ထားတာ ၁၅၀၀ ကျပ်ဖိုးပါ။
မနက်အစောက ဖမ်းရတဲ့ငါးတွေဆိုတော့ လုံးဝကို လတ်ဆတ်ပါတယ်။ကျွန်မတို့ညောင်ရမ်းမှာတော့ ညောင်ရမ်းကန်ဘေးက ရွာတွေအကုန်လုံးနီးပါး တံငါအလုပ် လုပ်ကြပါတယ်။ယောက်ျားသားတွေက ငါးဖမ်း၊မိန်းမသားတွေက ငါးရောင်းပေါ့။
သူတို့က တောင်သူအလုပ်လည်း လုပ်ကြပါတယ်။ကန်ထဲရေရှိရင် တံငါ အလုပ်ပေါ့။ကန်ထဲရေမရှိတဲ့နှစ်ဆိုရင်တော့ ကန်ထဲက လယ်ကွက်တွေထဲမှာ ခရမ်းချဉ်၊ပဲ၊ငရုတ် စတဲ့ သီးနှံတွေ စိုက်ကြတယ်။ဒါ့အပြင် နွား၊ဝက်၊ဆိတ် စတဲ့ မွေးမြူရေးလည်း တပိုင်တနိုင် လုပ်ကြသေးတယ်။
တောသူတောင်သား တံငါလုပ်တယ်ဆိုပြီး အထင်တော့ မသေးလိုက်နဲ့နော်။အိမ်တိုင်းလိုလို နံကပ်တိုက်တွေချည်းပဲ။ဆိုင်ကယ်၊တီဗွီ၊စလောင်းစက် ဆိုတာလည်း အိမ်တိုင်းရှိတယ်။မီးအတွက်လည်း အိမ်တိုင်းမှာ ဆိုလာပြားနဲ့ ဘက်ထရီအိုး ရှိတယ်။ကျမ်းမာရေးတွေလည်း ကောင်းမှကောင်း။နေ့စဉ်အလုပ်တွေလုပ်နေကြရတော့ နေ့စဉ်လေ့ကျင့်ခန်း လုပ်သလိုပဲပေါ့။သူတို့နေတဲ့ အိမ်ဝိုင်းခြံတွေဆိုရင်လည်း အကျယ်ကြီးတွေ။အနဲဆုံး ပေ ၆၀ ပတ်လည်ပေါ့။တစ်ချို့ ဝိုင်းတွေဆို ပေ၁၀၀ ကျော်တဲ့ဝိုင်းတွေလည်းရှိတယ်။
အိမ်ဝိုင်းတွေထဲမှာလည်း မန်ကျီး၊တမာစတဲ့ အရိပ်ရ အပင်ကြီးတွေစိုက်ထားတာဆိုတော့ လေကောင်းလေသန့်လည်းရ၊အေးလည်းအေးတာပေါ့။
ဘာပဲပြောပြော ကျွန်မကတော့ တောမှာနေရတာ ပျော်တယ်ရှင့်။