အလှအပဆိုတာ လူတိုင်းကြိုက်တတ်ပေမေ့ မိးကလေးတွေက ပိုတတ်ကြတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ လှပနေတာက ကောင်းပါတယ်။ ဒီ့ထက်ပိုပြီး စမတ်ကျကျလေးနဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆရှိပြီး ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်တဲ့ မိန်းကလေးမျိုးဆိုရင် ပိုလို့တောင် ဆွဲဆောင်မှုရှိပါတယ်။ အဆင်းရော၊ အချင်းပါ လှပတဲ့ အမျိုးသမီးလေးတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရတနာလေးတွေလိုပါပဲ။ ကြွေရုပ်ကလေးလို လှပပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်ချက်ရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ကိုယ့်အားကိုယ်ကိုး ကြိုးစားဖို့ လိုအပ်သလို ကိုယ့်ရဲ့ဘ၀နဲ့အလှကိုပါ တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမိန်းကလေးမျိုး ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ပါအချက်ကလေးတွေကို အခြေခံထားပြီး တစ်ဆင့်ချင်း ကြိုးစားကြည့်နိုင်ပါတယ်။
Images Credit - Original Source
ပတ်ဝန်းကျင်ရဲ့ဖိအားဟာ လူတစ်ယောက်အတွက် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိပါတယ်။ သို့ပေမယ့် ချီးကျူးခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်ဆိုတဲ့ စကားအတိုင်း အချိန်တန်ရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ကြတဲ့အတွက် ဝေဖန်မှုတိုင်းကို လိုက်ခံစားနေဖို့ မလိုအပ်ပါဘူး။ လုံးဝဂရုစိုက်စရာ မလိုဘူးလို့ မဆိုလိုပေမယ့်လည်း ကိုယ့်ဘ၀အတွက် ကိုယ်ယုံကြည်ရာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လျှောက်လှမ်းတဲ့နေရာမှာတော့ ပတ်ဝန်းကျင်ရဲ့ အဆုံးအဖြတ်ကိုအပြည့်အ၀ ရာနှုန်းပြည့် မခံယူလိုက်ပါနဲ့လို့ အကြံပြုချင်ပါတယ်။
အလှတရားဆိုတာဟာ ရှုမြင်သူရဲ့စိတ်ထဲ လက်ခံ၊ ပုံဖော်တဲ့အပေါ်မူတည်ပါတယ်။ ရဲရဲဝံ့ဝံ့ ခေါင်းလေးမော့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေတဲ့ အမျိုးသမီးတစ်ယောက်လောက် လှပမယ့်သူ မရှိနိုင်ပါဘူး။ အလှအပ၊ ပြင်ဆင်ခြယ်သမှုတွေ ဘယ်လိုပဲ အားထုတ်ထားစေကာမူ၊ ကိုယ့်ကိုယ်ကို မ၀ံ့မရဲနဲ့ ယုံကြည်မှုမရှိ၊ တွန့်ဆုတ်ဆုတ်ဖြစ်နေမယ်ဆိုရင် လူပုံအလယ်မှာလည်း မ၀င်ဆံ့နိုင်သလို စိုးရွံ့စိတ်တွေနဲ့ ခပ်ကုတ်ကုတ်ကလေး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကြည့်မ၀အောင် လှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ပြင်တာဆင်တာတွေကိုလည်း အားထုတ်သင့်သလို မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အရည်အချင်းရှိအောင်လည်း ကြိုးစားသင့်ပါတယ်။
Images Credit - Original Source
ကိုယ်ချင်းစာတရားနဲ့ တစ်ပါးသူကို ထောက်ထားငဲ့ညှာတတ်တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတစ်ယောက်ဟာ အခြားသော ဂုဏ်ဒြပ်တွေ မပိုင်ဆိုင်လည်း လှပပါတယ်။ စိတ်နှလုံး နူးညံ့သိမ်မွေ့လှပသူဟာ သူ့ရဲ့အကြင်နာတရားရှိတဲ့ အသည်းနှလုံးကြောင့် မြင်သူတိုင်းရဲ့ စိတ်ထဲမှာ အေးချမ်းသွားပြီး လှပမှုဆိုတာကို လှိုက်လှိုက်လှဲလှဲ ခံစားရစေပါတယ်။ ပုံပြင်ထဲက စင်ဒရဲလားလေးဟာ သူမရဲ့ရုပ်ရည်ထက် သူမရဲ့ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံကြောင့် ကျော်ကြားတယ်ဆိုတာ သတိထားမိမှာပါ။ ဒါကြောင့် စိတ်ကလေးကို ဖြူဖြူစင်စင်လေးထားပြီး လူတိုင်းပေါ်မှာ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ငဲ့ညှာတတ်ပြီး အလှစစ်ကို မွေးမြူလိုက်ပါ။
မိန်းမချောလေးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မိမိကိုယ်ကို တန်ဖိုးထားပြီး ဂရုစိုက်တတ်ဖို့လည်း လိုအပ်ပါတယ်။ မိမိကိုယ်ကို ချစ်ခင်တန်ဖိုးထားပြီး ကိုယ့်ရဲ့စိတ်ရော၊ ရုပ်ရော သန့်ရှင်းလှပနေအောင် ထိန်းသိမ်းခြင်းက တကယ်လှတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပါပဲ။ စိတ်အလှနဲ့ ရုပ်အလှနှစ်ခုမှာ ဘယ်ဟာက ပိုအရေးကြီးတယ်ဆိုပြီး ကိုယ့်အတွေးအခေါ်နဲ့ကိုယ် ငြင်းခုန်ကြတာ ရှိပါတယ်။ တကယ်တမ်းမှာတော့ မိန်းကလေးတစ်ယောက်အတွက် စိတ်အလှလည်း လိုအပ်သလို ရုပ်အလှကလည်း လိုအပ်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှတော့ မပြည့်စုံဘူးရယ်လို့ မငြီးတွားလိုက်ပါနဲ့။ မိမိကိုယ်ကို ဂရုတစိုက် ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် စိတ်ရောရုပ်ပါ လှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နိုင်ပါလိမ့်မယ်။
Images Credit - Original Source
ထက်မြက်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့အတွက် မျက်စိနဲ့မမြင်ရဘဲ ပံ့ပိုးကူညီပေးနိုင်တဲ့ အရာတစ်ခုလည်း ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်သင်းရနံ့ပါ။ မိမိသွားလေရာ နေရာတိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဆွဲဆောင်မှုတွေ တိုးပွားဖို့အတွက် ကိုယ်သင်းနံ့ သင်းသင်းလေးတစ်ခုလည်း လိုအပ်ပါတယ်။ မိန်းမသားဆန်မှုနဲ့ မိမိကိုယ်ကို ဂရုစိုက်ထိန်းသိမ်းမှုကို ပူးပေါင်းဖော်ပြရာ ရောက်တဲ့အရာလည်းဖြစ်ပြီး မိန်းမသားတစ်ယောက်ရဲ့အလှကို ပိုမိုပြီးပြည့်စုံသွားစေတဲ့ အရာလည်း ဖြစ်ပါတယ်။ ဘယ်နေရာကိုသွားသွား၊ ကိုယ့်ရဲ့ကိုယ်ပိုင် အမှတ်အသားလေးတစ်ခုလို ၀ဲကျန်စေခဲ့မယ့် မွှေးရနံ့လေးတစ်ခုကို နေ့စဉ်နေ့တိုင်း ထိန်းသိမ်းထားလိုက်ပါလို့ တိုက်တွန်းပါတယ်နော်။
Images Credit - Original Source