မနက်မိုးလင်းတာနဲ့ စံနက်ကျော် ပြန်သွားတယ်။
သူဘာလို့ စိတ်ရောဂါ ဖြစ်တာလဲ စုံစမ်းကြည့်တယ်။
ဟိုတုန်းက ဆယ်တန်းအောင်ရင် တက္ကသိုလ် တန်းတက်လို့ မရဘူး။
ဒေသကောလိပ် ၂နှစ်တက်ပြီးမှ တက္ကသိုလ် တက်လို့ရတယ်။
ရန်ကုန်မှာ ဒေသကောလိပ် ၃ခု ရှိတယ်။
လှိုင် ဗိုလ်တထောင် နဲ့ ကြည့်မြင်တိုင် မှာရှိတယ်။
သူက ကြည့်မြင်တိုင် ဒေသကောလိပ် မှာတက်တာ၊ ဒုတိယနှစ် ရောက်နေပြီ။
သူကြိုက်နေတဲ့ ကောင်မလေးက အဆောင်မှာ နေတယ်။
အဆောင်မှာ ညဘက် ဂီတာသွားတီးပြီး သီချင်းဆိုကြတယ်။
သီချင်းဆိုရင် ဈန်ဝင်အောင် ဆေးခြောက်သောက်ကြတယ်။
ကောင်မလေးကလဲ ပြန်မကြိုက်တော့ ဆေးခြောက် အရမ်းသောက်တယ်။
နောက် ကျန်းမာရေး ထိခိုက်လာတယ်။
ပေပေတေတေ နေလိုက်တာ ညဘက်အိပ်မပျော်တော့ဘူး။
နားထဲ အသံတွေကြားတယ် ပြောလာတယ်။
နောက်ဆုံးတော့ စိတ်မမှန်တော့ပဲ ကြောင်သွားတယ်။
ဂီတာတီးတာတော့ တော်တယ်။
ရုံးကို မောင်တိုး တခါတလေ ဂီတာ ယူလာတယ်။
မောင်တိုးလဲ အဆိုကောင်း အတီးကောင်း ပဲ။
ကျနော်တို့ ဂီတာဝိုင်းကို သူလာပြီး ဂီတာတောင်းတီးတယ်။
ဂီတာကို အသံ အကျယ်ကြီး ထွက်အောင် ဖိတီးတယ်။
သီချင်းလဲ အားရပါးရ ဆိုတတ်တယ်။ လူကောင်းတစ်ယောက် လိုပဲ။
တောင်ငူက လာတည်းတဲ့ တောခေါင်း ကိုသောင်းရွှေက မယ်ဒလင်သမား။
ရုံးမှာ မယ်ဒလင်မရှိတော့ ဂီတာကို မယ်ဒလင်လို ကြိုးညှိပြီး တီးတယ်။
အနိုင်ရဲ့ စလယ်ဝင်အိုးလေး သီချင်းဆိုနေတယ်။
စံနက်ကျော် ရောက်လာပြီး ကိုသောင်းရွှေ တီးနေတာ သေချာကြည့်ပြီး အားရပါးရ တဟားဟား အော်ရီပြီး ထွက်သွားတယ်။