ရုံးမှာ ပိတ်ရက်ဆို ခင်မောင်ဝင်းကို အင်္ဂလိပ်စာ သင်ပေးရတယ်။
ချစ်ကိုကတော့ အိမ်ထောင်သည်ဆိုတော့ လာတဲ့အခါမှလာတယ်။
ပုံမှန်တော့မရှိဘူး၊ လာရင်သင်ပေးလိုက်တယ်။
ဒီနေ့ ချစ်ကိုမွေးနေ့၊ ကျနော်ကို မဖြစ်မနေခေါ်လာဖို့ ခင်မောင်ဝင်းကို ပြောတယ်။
ကျနော်သိပ်မလိုက်ချင်ဘူး၊ အဓိက အရက်မူးရင် ဘတ်စကား မစီးချင်လို့။
ကိုယ့်ဆီက အရက်နံ့ကြောင့် သူများအနှောင့်အယှက် မဖြစ်စေချင်ဘူး။
ဘတ်စကားပေါ် မူးပြီးစီလာသူတွေကိုလဲ မကြိုက်ဘူး။
အသွားပဲ ဘတ်စကားစီးပြီး၊ အပြန် လေးဘီးငှါးပြန်မယ် ပြောတယ်။
အဲဒီတုန်းက လေးဘီးကား ခေတ်စားတယ်။
ဒါနဲ့ပဲ လိုက်ဖြစ်သွားတယ်၊ သာကေတ မှာ ချစ်ကိုအိမ်က။
ဟိုရောက်တော့ ချစ်ကိုတို့ လင်မယား ဧည့်ဝတ်အလွန်ကြေပါတယ်။
အရက်ကလဲ ရွှေလိမ္မော်၊ ဟိုတုန်းက နာမည်ကြီးပေါ့။
မျောက်နဲ့ မြင်းပြာလဲ ပါတယ်၊ ခေါက်ဆွဲကြော် ကြာဇံကြော် အစိမ်းကြော် အစုံပဲ "
ချစ်ကိုက ထည့်ပေးလိုက်၊ ကျနော်တို့ကသောက်လိုက်။
မှောင်လာတော့ တော်တော်မူးလာပြီ၊ ချစ်ကိုက တိုက်တုန်းပဲ။
ကျနော် တော်တော်သောက်နိုင်တဲ့သူတောင် ပြန်အန်ချင်လာပြီ။
ထပ်မသောက်နိုင်တော့ဘူး၊ ခင်မောင်ဝင်းဆို ခေါင်းမထောင်နိုင်တော့ဘူး။
ချစ်ကို ကားငှါးပြီး ပြန်လိုက်ပို့တယ်။ ရုံးကို ဘယ်လိုပြန်ရောက်လာလဲ မသ်တော့ဘူး။
ကားပေါ်မှာ အိပ်ပျော်လာတာ၊ ရုံးရောက်မှ ချစ်ကို တွဲပို့တယ်။
ခင်မောင်ဝင်း အရမ်းမူးတယ် အော်နေတယ်၊ ဦးစိန်မောင်ကို အကူအညီတောင်းတယ်။
အရက် အရမ်းမူးရင် နားရွက်ထဲ သံပုရာသီး ညှစ်ထည့်ရတယ် ကြားဖူးတယ်။
ဟုတ်မဟုတ် မသိဘူး၊ ညှစ်ထည့်ပေးလိုက်တယ်။
ခင်မောင်ဝင်း အိပ်ပျော်သွားတယ်၊ မိုးလင်းတော့ သူ့နားတွေ အူနေတယ်ပြောတယ်။
ဆေးခန်းသွားပြတော့ ဆရာဝန်က နောက်မလုပ်နဲ့ နားပင်းတတ်တယ်တဲ့။