တောင်ငူ ရောက်တော့ သစ်တောရုံးပဲ အရင်သွားလိုက်တယ်။
ပြီးမှ ကိုလှမြင့်ဆီ သွားမယ်ပေါ့။
ရုံးဝင်းထဲဝင်တာနဲ့ ကိုလှမြင့်နဲ့ တွေ့တယ်၊ သွားနှင့် လိုက်ခဲ့မယ် ပြောတယ်။
ရုံးကလူတွေလဲ ကျနော်ရောက်ရောက်ချင်းပဲ ကူညီကြပါတယ်။
ဘက်ဒိတ်နဲ့ လုပ်ပေးဖို့ပြောတော့၊ မလိုဘူးတဲ့။
သူတို့ လေဘာရုံးက အဲဒီ ပြသနာမရှိဘူး၊ ပုံစံ ၇ လုပ်လို့ရတယ်။
ချက်ချင်းပဲ မြေပုံဆွဲစာရေး ခန့်စာရိုက်တယ်။
မြို့နယ်မှူးလဲ ရှိနေတော့ ချက်ချင်းလက်မှတ်ထိုးပေးတယ်။
ရုံးအုပ်ရယ် ကိုလှမြင့်ရယ် ကျနော်ရယ် စက်ဘီးတွေနဲ့ လေဘာရုံး သွားကြတယ်။
ကိုလှမြင့်က ကျနော့်ကို တင်နင်းလာတယ်။
ဟိုမှာလဲ သိပ်မကြာဘူး၊ ပုံစံ ၇ ရလာတယ်။
သူတို့ချင်းက မိတ်ဆွေတွေဆိုတော့ မြန်တာပေါ့။
လမ်းမှာ လ္ဘက်ရည်ဆိုင်ထိုင်တယ်။
ကျနော်ငွေရှင်းတာ သူတို့လက်မခံဘူး၊ သူတို့ပဲ ရှင်းတယ်။
ရုံးပြန်ရောက်တော့ အမြဲတမ်းဝန်ထမ်းခန့်အပ်ကြောင်း၊ ရန်ကုန်မြို့ ညွှန်ကြားရေးမှူးရုံး စိုက်ခင်းဒေသ ၁ သို့ပြောင်းရွှေ့  တာဝန်ထမ်းဆောင်ခွင့်ပြုကြောင်း ရုံးမိန့်တစ်စောင် ထုတ်ပေးပါတယ်။
ရက်ကြာမယ်၊ ငွေကုန်မယ် ထင်ထားတာ။
ဒီလို လွယ်လွယ်ကူကူ ပြီးသွားမယ် မထင်ခဲ့ဘူး။
ကူညီတဲ့သူတွေအားလုံးကို မပြောတတ်အောင် ကျေးဇူးတင်မိတယ်။
ဘက်ဒိတ်မဟုတ်တော့ ဘာပြသနာမှလဲ မရှိတော့ဘူး။
ရန်ကုန်ပြန်ပြီး အလုပ်ဝင်ကြောင်း သတင်းပို့လိုက်ရင် ဝန်ထမ်းစာရင်းထဲ ကိုယ့်နာမည် ရောက်သွားပြီ၊ အမြဲတမ်းဝန်ထမ်းလဲ ဖြစ်သွားပြီ။
အဆင်ပြေသွားပြီပေါ့ဗျာ၊ ရန်ကုန်ပြန်မယ်ဆို ပြန်လို့ရနေပြီ။
ပြန်ရင် ကျေးဇူး မသိတတ်ဘူး အထင်မခံနိုင်ဘူး။
ဝမ်းတေဘယ်တော့ ကျေးဇူးပြုချင်တယ်၊ ကိုယ်လဲသောက်ချင်တာပေါ့။