ဦးအောင်သန်းမြင့်၊ သူက ရုံးမှာ စိုက်ကွက်မှူး။
ဝန်ထမ်းဆန် ကိုင်တယ်၊ ဆီ သကြား ဆပ်ပြာ အကုန်ပေါ့။
စိုက်ခင်းလုပ်သားက ဖွဲ့စည်းပုံအတိုင်း အပြည့်မရှိဘူး။
ဆန် ဆီ ခွဲတမ်းတွေ အမြဲပိုနေတယ်။
ဒါကြောင့် ကျနော်တို့ရုံးကဝန်ထမ်းတွေ တစ်ယောက်ကို နှစ်ကိုတာ ရတယ်။
ဘာကြောင့်လဲမသိဘူး၊ တခါတရံ ဆန်ကွဲ ပါရတယ်။
ဦဇော်ဇော်အောင်၊ သူက အကြံပေးအရာရှိ။
ညွှန်ကြားရေးမှူးချုပ် ပင်စင်ယူပြီး ပြန်လုပ်နေတာ။
အငြိမ်းစား ညွှန်ချုပ်ပေါ့။
ဟိုးတုန်းက အရာရှိကြီးတွေမှာ နိုင်ငံတော်ကို သစ္စာရှိတဲ့သူ အများကြီးပဲ။
စာအုပ်ကြီးသမားတွေ ခေါ်တာပေါ့။
စည်းကမ်းကြီးတယ်၊ ကိုယ်ကျိုး မရှာကြဘူး။
ပင်စင်ယူရင်၊ နကိုက မချမ်းသာရင် ဆင်းဆင်းရဲရဲ နေရတယ်။
ဒါကြောင့် နောက်ပိုင်း အရာရှိကြီးတွေ ကိုယ်ကျိုးရှာကြတာ ဖြစ်မယ်။
မိုးရွာတုန်း ရေခံတာ နေမှာ။
ဦးဇော်ဇော်အောင်လဲ စာအုပ်ကြီးသမား ထင်တယ်၊ ဆင်းရဲပုံရလို့။
ကိုယ်ပိုင်ကား မရှိဘူး၊ နေတာတောင် ဖဆပလ တိုက်ခန်းမှာ။
ဦးအောင်သန်းမြင့်က ဦးဇော်ဇော်အောင်ကို တစ်လ ဆန်နှစ်အိတ် ပေးတယ်။
သူ့ဆရာမို့ ထင်တယ်၊ ညွှန်မှူးက ပေးတာလဲ ဖြစ်နိုင်တယ်။
ဦးဇော်ဇော်အောင်ကားက မာဇဒါ လေးဘီးလေး။
သူ့ကားပေါ်ကို ဆန်နှစ်အိတ် တင်ပြီးပြီ။
သူ့အိမ်ရောက်ရင် ထမ်းပို့ဖို့ လူလိုတယ်၊ သူ့အိမ်ခန်းက အပေါ်ထပ်မှာမို့။